
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၏ ရင်းနှီးမြှုပ်နှံမှုနှင့် ပြည်ပပို့ကုန်တိုးတက်လာစေရန် အတွက် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနနှင့် နေပြည်တော်ကောင်စီ ရင်းနှီးမြှုပ်နှံမှုကော်မတီတို့ပူးပေါင်း၍ “ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၏ ရင်းနှီးမြှုပ်နှံမှုအခွင့် အလမ်းများနှင့် ပြည်ပပို့ကုန်မြှင့်တင်ရေးဆိုင်ရာ အသိပညာမျှဝေဆွေးနွေးပွဲ” အခမ်းအနားကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်တွင် နေပြည်တော်ကောင်စီရုံးရှိ ဇမ္ဗူသီရိခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါ သည်။
ဆွေးနွေးပွဲသို့ နေပြည်တော်ကောင်စီဥက္ကဌနှင့် အဖွဲ့ဝင်များ၊ နေပြည်တော်စည်ပင်သာယာရေး ကော်မတီ ဒုတိယမြို့တော်ဝန်၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ နေပြည်တော် အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ နေပြည်တော် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း၊ နေပြည်တော် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းရှင်များအသင်းတို့မှ ကိုယ်စားလှယ်များ၊ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းရှင်များ၊ အငယ်စား၊ အလတ်စား ပုဂ္ဂလိက လုပ်ငန်းရှင်များ အပါအဝင် စုစုပေါင်း ( ၁၃၀ ) ဦး ခန့် တက်ရောက်ခဲ့ကြပါသည်။
အဆိုပါဆွေးနွေးပွဲတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးတို့က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ရင်းနှီးမြှုပ်နှံမှုဖွံ့ဖြိုးတိုးတက်ရေးနှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားခဲ့ပါသည်။ ဆက်လက်၍ နေပြည်တော်ကောင်စီရင်းနှီးမြှုပ်နှံမှုကော်မတီ အတွင်းရေးမှူး၊ ဒေါ်ယဉ်ယဉ်နွယ်က မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေနှင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၏ ရင်းနှီးမြှုပ်နှံမှုအခွင့် အလမ်းများနှင့်စပ်လျဉ်း၍လည်းကောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူး၊ ဒေါ်သီတာချောလှိုင်က မြန်မာ့စိုက်ပျိုးရေးထွက်ကုန်များ တရုတ်နိုင်ငံသို့ တင်ပို့ရာတွင် လိုက်နာဆောင်ရွက်ရမည့် General Administration of Customs China – GACC ၏ ပို့ကုန်ဆိုင်ရာ စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များနှင့်စပ်လျဉ်း၍ လည်းကောင်း၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဒုတိယဥက္ကဋ္ဌ၊ ဦးရဲမင်းအောင်က ပြည်တွင်း စားသုံးဆီထုတ်လုပ်မှုကဏ္ဍ၌ ရင်းနှီးမြှုပ်နှံမှုတိုးတက်လာစေရေး တို့နှင့်စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ကြရာ တက်ရောက်လာသူများက သိရှိလိုသည် များကို စိတ်ပါဝင်စားစွာ ဆွေးနွေး မေးမြန်းခဲ့ကြကြောင်း သိရှိရသည်။





