
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations
လျှပ်စစ်သုံးယာဉ်အမျိုးမျိုး တပ်ဆင်ထုတ်လုပ်ခြင်းလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းများထုတ်လုပ်ခြင်းလုပ်ငန်းနှင့် ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများ အပါအဝင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် ၁၄ ခုကို ခွင့်ပြု
(နေပြည်တော်၊ ဇန်နဝါရီ ၃၀)
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၁/၂၀၂၅) ကြိမ်မြောက် အစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ရုံးအမှတ် (၁၈) ၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။ အဆိုပါအစည်း အဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးမြထွန်းဦးနှင့် ကော်မရှင်အဖွဲ့ဝင်များ တက်ရောက်သည်။
အစည်းအဝေးတွင် ဆောင်ရွက်ဆဲ လက်ရှိရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်း တိုးမြှင့်ခြင်းအပါအဝင် ဝန်ဆောင်မှုကဏ္ဍမှ ပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် ၁ ခုနှင့် စက်မှု ကဏ္ဍ၊ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍတို့မှ ပြည်တွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း အသစ် ၁၃ ခု တို့ကို ခွင့်ပြုပေးခဲ့ပါသည်။ အဆိုပါလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန် ဒေါ်လာ ၃.၆၈၄ သန်းနှင့် ကျပ် ၃၄၅,၈၆၃.၀၄၃ သန်းဖြစ်ပြီး အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၁၅၄၄ ဦးကို ဖန်တီးပေးနိုင်မည် ဖြစ်ပါသည်။
ယခု အစည်းအဝေးက ခွင့်ပြုပေးသည့် လုပ်ငန်းများတွင် လျှပ်စစ်သုံးယာဉ်အမျိုးမျိုး တပ်ဆင် ထုတ်လုပ်ခြင်းလုပ်ငန်းများ စိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းများ ထုတ်လုပ်ခြင်းလုပ်ငန်း၊ ဟိုတယ် ဝန်ဆောင်မှုလုပ်ငန်းနှင့် နိုင်ငံတကာအဆင့်မီ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းတို့ လည်း ပါရှိသည်။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလကုန်အထိ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံ/ ဒေသပေါင်း ၅၃ ခု အနက် ရင်းနှီးမြှုပ်နှံမှု အများဆုံးပြုလုပ်သော နိုင်ငံ/ ဒေသများမှာ စင်ကာပူနိုင်ငံ၊ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့ ဖြစ်ပါသည်။ စီးပွားရေးကဏ္ဍ ၁၂ ရပ်အနက် အများဆုံး ရင်းနှီးမြှုပ်နှံထားသည့် ကဏ္ဍများမှာ စွမ်းအင်ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၈.၃၂ ရာခိုင်နှုန်းဖြင့်လည်းကောင်း၊ ရေနံနှင့် သဘာဝဓါတ်ငွေ့ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၄.၆၇ ရာခိုင်နှုန်းဖြင့်လည်းကောင်း၊ ကုန်ထုတ် လုပ်မှုကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၁၄.၄၃ ရာခိုင်နှုန်းဖြင့်လည်းကောင်း အသီးသီးရင်းနှီး မြှုပ်နှံထားသည်။
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သည် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူများက တင်ပြလာ သည့် ရင်းနှီးမြှုပ်နှံမှုအဆိုပြုချက်များအား စိစစ်ခွင့်ပြုခြင်းကိုလည်းကောင်း၊ လက်ရှိဆောင်ရွက်ဆဲ ရင်းနှီးမြှုပ်နှံသူများအတွက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဝန်ဆောင်မှုများကိုလည်းကောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်အညီ ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
