
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

(နေပြည်တော် ဒီဇင်ဘာ ၁၅)
(၂၆) ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ (ဂျီအမ်အက်စ်) ဝန်ကြီးများအစည်းအဝေးကို မြန်မာနိုင်ငံဆိုင်ရာ ဂျီအမ်အက်စ်ဝန်ကြီးဖြစ်သူ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က သဘာပတိအဖြစ် ဦးဆောင်၍ နေပြည်တော်ရှိ Grand Amara Hotel ၌ ယနေ့ကျင်းပသည်။
အဆိုပါ အစည်းအဝေးကို အလွတ်သဘောအစည်းအဝေးနှင့် မျက်နှာစုံညီအစည်းအဝေး အပိုင်း ၂ ပိုင်းဖြင့် ကျင်းပခဲ့ပြီး အလွတ်သဘောအစည်းအဝေး၌ ဂျီအမ်အက်စ်ဒေသခွဲ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆန်းသစ်တီထွင်မှုမဟာဗျူဟာရေးဆွဲရေးနှင့် ဒေသခွဲအတွင်း ဒေသန္တရအစိုးရအချင်းချင်း ချိတ်ဆက် ဆောင်ရွက်မှု ပိုမိုနက်ရှိုင်းစေရေးစသည့် ခေါင်းစဉ် ၂ ခုအပေါ် တက်ရောက်လာသည့် နိုင်ငံကိုယ်စားပြု ကိုယ်စားလှယ်ခေါင်းဆောင်များက ရင်းနှီးပွင့်လင်းစွာဆွေးနွေးကြသည်။
အဆိုပါအစည်းအဝေးသို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင် ပါဝင်တက်ရောက်ခဲ့ပြီး ကမ္ဘောဒီးယားနိုင်ငံ၊ တရုတ်နိုင်ငံ၊ လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ မဲခေါင်သိပ္ပံတို့မှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံရှိ သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ဘာသာရပ်ဆိုင်ရာ ကိုယ်စားလှယ်များနှင့် ပုဂ္ဂလိကကဏ္ဍမှ ကိုယ်စားလှယ်များ စုစုပေါင်း (၈၀) ပါဝင်တက်ရောက်ခဲ့ကြသည်။