ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၄/၂၀၂၅) ကြိမ်မြောက် အစည်းအဝေးကျင်းပခြင်း

Print Friendly, PDF & Email

ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၄/၂၀၂၅) ကြိမ်မြောက် အစည်း အဝေးကို ၂၀၂၅ ခုနှစ် ဧပြီလ ၂၅ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ ရုံး၌ ကျင်းပပြုလုပ်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ပါသည်။

အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီသည် စက်မှုကဏ္ဍ တွင် ရာခိုင်နှုန်းပြည့်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် ဖက်စပ်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၂)ခု တို့ကို အတည်ပြုပေးခဲ့ပါသည်။ အတည်ပြုပေးခဲ့သည့် လုပ်ငန်းများမှာ CMP စနစ်ဖြင့် wearing apparel အမျိုးမျိုးချုပ်လုပ်ခြင်းလုပ်ငန်းနှင့် ပြည်ပသို့ ၂၀% တင်ပို့ပြီး ပြည်တွင်း၌ ၈၀% ရောင်းချမည့် သစ်အခြေခံသော သစ်သားပြား အမျိုးမျိုးနှင့် ပရိဘောဂ အမျိုးမျိုး ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းတို့ ဖြစ်ပါသည်။ အဆိုပါ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၏ မတည်ငွေရင်း ပမာဏမှာ အမေရိကန်‌ဒေါ်လာ ၁.၅၇၇ သန်းဖြစ်ပြီး ပြည်တွင်း အလုပ်အကိုင် အခွင့်အလမ်း ၁,၀၀၅ ဦး အတွက် ဖန်တီးပေးနိုင်မည် ဖြစ်ပါသည်။

ထို့အပြင် အစည်းအဝေးတွင် မတည်ရင်းနှီးငွေတိုးမြှင့်သည့် ကုမ္ပဏီ ၃ ခု အပါအဝင် အထွေထွေ ကိစ္စရပ်များ တင်ပြလာသည့် ကုမ္ပဏီ (၁၂) ခု၏ တင်ပြချက်များ ကိုလည်း ဆွေးနွေး ဆုံးဖြတ်ခဲ့ကြပါသည်။