
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၃/၂၀၂၃) ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ရုံးအမှတ်(၁၈)၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၌ ကျင်းပခဲ့ ပါသည်။ အဆိုပါအစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ ဒုတိယ ဝန်ကြီးချုပ်နှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ကော်မရှင် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် ဆောင်ရွက်ဆဲရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၈ ခု၏ မတည်ငွေရင်း တိုးမြှင့် ခြင်းအပါအဝင် လျှပ်စစ်ကဏ္ဍ၊ စက်မှုကဏ္ဍ၊ ဟိုတယ်နှင့် ခရီးသွားကဏ္ဍတို့မှ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းသစ် ၆ ခုကို ခွင့်ပြုပေးခဲ့ပါသည်။ အဆိုပါလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၇၂.၉၈ သန်းနှင့် ကျပ် ၃၁၄,၇၃၉.၁၄၁ သန်း ဖြစ်ပြီး ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းပေါင်း ၂၆၀၀ ကျော်ကို ဖန်တီးပေးနိုင်မည် ဖြစ်ပါသည်။ ယနေ့အစည်းအဝေးက ခွင့်ပြုခဲ့သော လုပ်ငန်းများတွင် ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင် အမျိုးအစား လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းလုပ်ငန်းလည်း ပါဝင်သည်။
၂၀၂၃ ခုနှစ်၊ ဩဂုတ်လကုန်အထိ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံ/ ဒေသပေါင်း ၅၂ ခုအနက် ရင်းနှီးမြှုပ်နှံမှုအများဆုံးပြုလုပ်သော နိုင်ငံ/ဒေသများမှာ စင်ကာပူ နိုင်ငံ၊ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့ဖြစ်ပြီး စီးပွားရေးကဏ္ဍ ၁၂ ခုအနက် အများဆုံး ရင်းနှီးမြှုပ်နှံ ထားသည့်ကဏ္ဍများမှာ လျှပ်စစ်ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၈.၄၅ ရာခိုင်နှုန်းဖြင့် လည်းကောင်း၊ ရေနံနှင့် သဘာဝဓါတ်ငွေ့ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၄.၄၆ ရာခိုင်နှုန်း ဖြင့်လည်းကောင်း၊ စက်မှုကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၁၄.၃၈ ရာခိုင်နှုန်းဖြင့် လည်းကောင်း ရင်းနှီးမြှုပ်နှံထားသည်။
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သည် ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံသူများက တင်ပြ လာသည့် ရင်းနှီးမြှုပ်နှံမှုအဆိုပြုလွှာများအား စိစစ်ခွင့်ပြုခြင်းကိုလည်းကောင်း၊ လက်ရှိ ရင်းနှီးမြှုပ်နှံသူများအတွက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဝန်ဆောင်မှုများကိုလည်းကောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

