
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့ရှိ နန်နင်း အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းနှင့် ပြပွဲဗဟိုဌာနတွင် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့မှ ၁၉ ရက်နေ့အထိ ကျင်းပသည့် (၂၀) ကြိမ်မြောက် တရုတ် – အာဆီယံကုန်စည်ပြပွဲနှင့် ဆက်စပ် အစည်းအဝေးများသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင် တက်ရောက်ခဲ့ပါသည်။
ညွှန်ကြားရေးမှူးချုပ်သည် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့၊ နံနက်ပိုင်းတွင် (၂၀) ကြိမ်မြောက် တရုတ် – အာဆီယံ ကုန်စည်ပြပွဲ၏ ဆက်စပ်အခမ်းအနားတစ်ခုအဖြစ် ကျင်းပသည့် မန္တလေးတိုင်းဒေသကြီး ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့်ခရီးသွားလာမှုမြှင့်တင်ရေးဖိုရမ်သို့ တက်ရောက် ခဲ့ပါသည်။ အဆိုပါဖိုရမ်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး၊ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးကျော်ဆန်းနှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေးတို့က အဖွင့်အမှာစကား အသီးသီး ပြောကြားခဲ့ကြပါသည်။ အဆိုပါဖိုရမ်သို့ မြန်မာနိုင်ငံဘက်မှ ဌာနဆိုင်ရာကိုယ်စားလှယ်များနှင့် စီးပွားရေးလုပ်ငန်းရှင်များ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံဘက်မှ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ နိုင်ငံရေးဆိုင်ရာအတိုင်ပင်ခံညီလာခံ ဒုတိယဥက္ကဋ္ဌနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ စီးပွားရေး လုပ်ငန်းရှင်များ ပါဝင်တက်ရောက်ခဲ့ကြပါသည်။
အဆိုပါနေ့၌ပင် ညွန်ကြားရေးမှူးချုပ်သည် (၂၀) ကြိမ်မြောက် တရုတ် – အာဆီယံ ကုန်စည် ပြပွဲ၏ ရင်းနှီးမြှုပ်နှံမှုပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ အစိမ်းရောင် ကာဗွန်လျှော့ချရေးနှင့် ဒီဂျစ်တယ် စီးပွားရေးနှင့်စပ်လျဉ်း၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အာဆီယံနိုင်ငံများအကြား ပူးပေါင်းဆောင် ရွက်မှုကို မြှင့်တင်ရန်ဖြစ်ပါသည်။ ယင်းရည်ရွယ်ချက်နှင့်စပ်လျဉ်း၍ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ရင်းနှီးမြှုပ်နှံမှုဌာနများမှ အကြီးအကဲများက နိုင်ငံအလိုက် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာမူဝါဒများ၊ အလား အလာရှိသည့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများနှင့် စီးပွားရေးအခွင့်အလမ်းများကို မျှဝေသည့်အစီအစဉ်တွင် ညွှန်ကြားရေးမှူးချုပ်က အစိမ်းရောင် ကာဗွန်လျှော့ချရေးနှင့် ဒီဂျစ်တယ်စီးပွားရေးနှင့်သက်ဆိုင်သည့် မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာမူဝါဒများ၊ အလားအလာရှိသည့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများနှင့် စီးပွားရေးအခွင့်အလမ်းများနှင့်စပ်လျဉ်း၍ မိန့်ခွန်း ပြောကြားခဲ့ပါသည်။ ထို့နောက် တရုတ် – အာဆီယံ လွတ်လပ်သောကုန်သွယ်မှုသဘောတူစာချုပ် ၃.၀ အဆင့်မြှင့်တင်ရာတွင် ရရှိနိုင်မည့် စီးပွားရေး အခွင့်အလမ်းများနှင့် နိုင်ငံခြားတွင် ရင်းနှီးမြှုပ်နှံလျက်ရှိသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ စီးပွားရေး လုပ်ငန်းများ၏ အတွေ့အကြုံများကို မျှဝေဆွေးနွေးခဲ့ကြပါသည်။ အဆိုပါဆွေးနွေးပွဲသို့ တရုတ် ပြည်သူ့သမ္မတနိုင်ငံ၊ အာဆီယံရေးရာဌာနနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်များနှင့် အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံရှိ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးဌာနများမှ အဆင့်မြင့် အရာရှိကြီးများ၊ တရုတ်နိုင်ငံအခြေစိုက် အာဆီယံနိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အရာထမ်းများနှင့် တရုတ်စီးပွားရေးလုပ်ငန်းရှင်များ စုစုပေါင်း ၁၀၀ ဦးခန့် တက်ရောက်ခဲ့ကြပါသည်။ ညွှန်ကြားရေးမှူးချုပ် သည် ညနေပိုင်းတွင် တရုတ် – အာဆီယံ ကုန်စည်ပြပွဲအကြို ဂုဏ်ပြုညစာစားပွဲသို့ အခြားအာဆီယံ နိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များနှင့်အတူ တက်ရောက်ခဲ့ပါသည်။
ညွှန်ကြားရေးမှူးချုပ်သည် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်နေ့၊ နံနက်ပိုင်းတွင် (၂၀) ကြိမ်မြောက် တရုတ် – အာဆီယံ ကုန်စည်ပြပွဲနှင့် (၂၀) ကြိမ်မြောက် တရုတ် – အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုညီလာခံဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး နေ့လယ်ပိုင်းတွင် တရုတ် – အာဆီယံ ကုန်စည်ပြပွဲ၏ ဆက်စပ်အခမ်းအနားဖြစ်သည့် ဒေသတွင်းစီးပွားရေး တိုးတက်မှုအသစ်အတွက် အဖွဲ့အစည်းဆိုင်ရာလမ်းကြောင်းဖွင့်ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပါသည်။
ညွှန်ကြားရေးမှူးချုပ်သည် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့တွင် (၂၀) ကြိမ်မြောက် တရုတ် – အာဆီယံကုန်စည်ပြပွဲ၌ မြန်မာနိုင်ငံ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် တရုတ်နိုင်ငံတို့မှ ခင်းကျင်း ပြသထားသည့် ပြခန်းများသို့ သွားရောက်ကြည့်ရှုလေ့လာခဲ့ပါသည်။ ထို့နောက် ညွှန်ကြားရေးမှူးချုပ် သည် နေ့လယ်ပိုင်းတွင် Senior Officials’ Meeting of the 20th CAEXPO အစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး တရုတ်နိုင်ငံဘက်မှ တာဝန်ရှိသူများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များနှင့် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါသည်။
ညွှန်ကြားရေးမှူးချုပ်သည် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များနှင့်အတူ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်နေ့တွင် Guangxi Aige Gongfang Home Furnishing Co., Ltd၊ China-ASEAN Information Harbor Co., Ltd. (CAIH) နှင့် “Night of Nanning” Commercial District တို့သို့ သွားရောက်လေ့လာခဲ့ပါသည်။