
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar
ဟိုင်နန်ပြည်နယ် ဟိုင်ခုန်မြို့တော် ဟိုင်ခုန်ဘက်စုံပေါင်းစည်းမှုလွတ်လပ်သော ကုန်သွယ် ရေးဇုန်ကော်မတီ၏ ဖိတ်ကြားချက်အရ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇာ် ဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့သည် ဇွန် ၁ ရက်မှ ၃ ရက်အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟိုင်နန်ပြည်နယ် ဟိုင်ခုန် ဘက်စုံပေါင်းစည်းမှု လွတ်လပ်သော ကုန်သွယ်မှုဇုန် (Haikon Integrated Free Trade Zone) သို့ လေ့လာရေးခရီး သွားရောက်ခဲ့သည်။
မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဇွန် ၁ ရက် မွန်းလွဲပိုင်းတွင် တရုတ်နိုင်ငံ ကူမင်းမြို့မှ တစ်ဆင့် ဟိုင်နန်ပြည်နယ် ဟိုင်ခုန်မြို့သို့ ရောက်ရှိ၍ ဇွန် ၂ ရက် နံနက်ပိုင်းတွင် လွတ်လပ်သော ကုန်သွယ်မှုဇုန် ဟိုင်ခုန်ဘက်စုံပေါင်းစည်းမှုဇုန်သို့ သွားရောက်လေ့လာရာ ဟိုင်ခုန်ဘစ်စုံ ပေါင်းစည်းမှုဇုန် စီမံခန့်ခွဲမှုကော်မတီ၏ အလုပ်အမှုဆောင် အတွင်းရေးမှူးနှင့် ဒုတိယ မြို့တော်ဝန် ဖြစ်သူ Mr. Lu Min နှင့် အဖွဲ့ဝင်များက ရှင်းလင်းပြသကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ကိုယ်စားလှယ်အဖွဲ့က ဟိုင်ခုန် ဘက်စုံပေါင်းစည်းမှု ဇုန် အတွင်းရှိ အီလက်ထရောနစ် ကူးသန်းရောင်းဝယ်ရေး စက်မှုဥယျာဉ်၊ ခေတ်မီစိုက်ပျိုးရေးနှင့် စားသောက်ကုန်များ ထုတ်လုပ်သည့် စက်ရုံ၊ လက်ဝတ်ရတနာ ထုတ်လုပ်သည့်စက်ရုံ၊ စံချိန် စံညွှန်းမီ စိန်နှင့် ကျောက်မျက်ရတနာ ထုတ်လုပ်သည့် စက်ရုံများ၊ ထောက်ပံ့ပို့ဆောင်ရေးနှင့် လုပ်ငန်းဆောင်ရွက်မှု စင်တာတို့ကို လေ့လာကြည့်ရှုသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဟိုင်ခုန်ဘက်စုံပေါင်းစည်းမှုဇုန်ကော်မတီနှင့် တွေ့ဆုံကာ ကျောက်မျက်ရတနာလုပ်ငန်းများ အဆင့်မြင့်/ ဆင့်တက်ပြုပြင်မှုနှင့် နည်းပညာတိုးမြှင့်စေရန်အတွက်လည်း ကောင်း၊ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်းရွက်မှုများကို မြှင့်တင်ရန် အတွက် လည်းကောင်း ဆွေးနွေးခဲ့ကြပြီး ညနေပိုင်းတွင် အခွန်လွတ်အရောင်းပြခန်းများ (China Duty Free Shop)၊ ဟိုင်ခုန်အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာနှင့် ဟိုင်နန်ပြတိုက်များကို လေ့လာခဲ့သည်။
ဇွန် ၃ ရက် နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဟိုင်နန်ပြည်နယ်ပါတီ၏ အမြဲတမ်းကော်မတီဝင်နှင့် ဟိုင်နန်မြို့ဒေသကော်မတီ အတွင်းရေးမှူးဖြစ်သူ Mr. FAN Shaojun နှင့် Grand Hotel Haikou ၌ တွေ့ဆုံသည်။ တွေ့ဆုံစဉ် ဆက်ဆံရေး၊ စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုနှင့် ကုန်သွယ်မှုတိုးတက်ကောင်းမွန်လာမှု အခြေအနေများ ဟိုင်နန်လွတ်လပ်သော ကုန်သွယ်မှု ဆိပ်ကမ်း (Hainan Free Trade Port) ဆိုင်ရာကိစ္စရပ်များ ကျောက်မျက် ရတနာကဏ္ဍ၊ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းများဖြင့် ပေါင်းစပ်ဆောင်ရွက်နိုင်မည့် နည်းလမ်း ကို ရင်းနှီးပွင့်လင်းစွာဖြင့် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် Grand Hotel Haikou ၌ ကျင်းပသည့် ဟိုင်ခုန်-မြန်မာစီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုဖလှယ်ရေး အစည်းအဝေးသို့ တက်ရောက်၍ အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့၏ ပူးပေါင်း ဆောင်ရွက်မှုများ ရင်းနှီးမြှုပ်နှံမှု လွယ်ကူချောမွေ့ရေးလုပ်ငန်းစဉ်များ မြန်မာနိုင်ငံရှိ အထူး စီးပွားရေးဇုန်များ၏ အခြေအနေများ ဟိုင်နန်နှင့် ပူးပေါင်းဆောင်ရွက်မည့် အခွင့်အလမ်းများ၊ မြန်မာနိုင်ငံရှိ ကျောက်စိမ်းနှင့် ကျောက်မျက်ကဏ္ဍ အခွင့်အလမ်းများနှင့် ဟိုင်နန်လွတ်လပ်သော ကုန်သွယ်မှုဆိပ်ကမ်းနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများကို အလေးပေး ဆွေးနွေးပြောကြားခဲ့သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဟိုင်ခုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ မြန်မာနိုင်ငံသို့ လေကြောင်းခရီးဖြင့် ပြန်လည် ထွက်ခွာခဲ့ရာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှတစ်ဆင့် ရန်ကုန်မြို့သို့ ညပိုင်းတွင် ပြန်လည် ရောက်ရှိ ခဲ့သည်။
ယခုခရီးစဉ်တွင် ပြည်ထောင်စုဝန်ကြီးနှင့်အတူ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် သက်ဆိုင်ရာဝန်ကြီးဌာနမှ တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြကြောင်း သိရသည်။