
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်သည် ရန်ကုန်မြို့ရှိရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (ရုံးချုပ်) သို့ ယနေ့ နံနက်ပိုင်းတွင် လာရောက်တွေ့ဆုံအားပေးခဲ့ပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (ရုံးချုပ်)၏ (ဧကဒဿမ)ကြိမ်မြောက် ဝါဆိုသင်္ကန်း ဆပ်ကပ်လှူဒါန်းပွဲမင်္ဂလာ အခမ်းအနားသို့ တက်ရောက်ပြီး သံဃာတော်များအား ဝါဆိုသင်္ကန်းလှူဖွယ်ပစ္စည်းများနှင့် နေ့ဆွမ်းတို့ကို လှူဒါန်း သည်။
အခမ်းအနားပြီးနောက် ပြည်ထောင်စုဝန်ကြီးသည် ညွှန်ကြားရေးမှူးချုပ်နှင့် ဝန်ထမ်းများအား သီးခြားတွေ့ဆုံခဲ့ပါသည်။ ထို့သို့တွေ့ဆုံရာတွင် ညွှန်ကြားရေးမှူးချုပ်က ဌာန၏ လက်ရှိလုပ်ငန်း ဆောင်ရွက်မှု အခြေအနေများ၊ နိုင်ငံတော် မှ ချမှတ်ထားသော ရည်မှန်းချက်နှင့် မျှော်မှန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများအား အကျယ်တဝင့် ရှင်းလင်းတင်ပြပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ရင်းနှီးမြှုပ်နှံမှုများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ရေတို၊ ရေရှည် ဦးစားပေး ဆောင်ရွက်သွားမည့် မူဝါဒများ နှင့် လုပ်ငန်းစဉ်များ၊ နည်းပညာ အသုံးချမှု မြှင့်တင်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဝန်ဆောင်မှုစနစ်များ ပိုမိုတိုးတက်ကောင်းမွန်စေရေး ကိစ္စရပ်များ၊ ဝန်ထမ်းများ၏ စွမ်းဆောင်ရည် မြှင့်တင်ရေးကိစ္စများကို အဓိကထား မှာကြားခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးတက်လာစေရေးနှင့် ဆွဲဆောင်နိုင်ရေး တို့အတွက် မူဝါဒကို အခြေခံသည့် ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်သွားကြရန် အသိပေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။