
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar
(ရန်ကုန်၊ စက်တင်ဘာလ ၁၁)
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပြပွဲကျင်းပရေးကော်မတီ၏ ဖိတ်ကြားချက်အရ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝါဝါမောင် ဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ရှမန်မြို့၌ကျင်းပသည့် (၂၅)ကြိမ်မြောက် တရုတ် အပြည်ပြည်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်စည်ပြပွဲ (The 25th China International Fair for Investment and Trade-CIFIT) သို့ တက်ရောက်ခဲ့ပြီး စက်တင်ဘာလ ၁၀ ရက် ညပိုင်းတွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့သည်။
အဆိုပါပြပွဲသို့ နိုင်ငံပေါင်း ၁၂၀ ကျော်မှ အစိုးရအရာရှိကြီးများ၊ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးအေဂျင်စီများနှင့် ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံတကာစီးပွားရေးလုပ်ငန်း/ အဖွဲ့အစည်းပေါင်း ၁၀၀၀ ကျော်မှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ကြသည်။ မြန်မာနိုင်ငံအနေဖြင့်လည်း အစိုးရဌာနနှင့် ပုဂ္ဂလိကစီးပွားရေးအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များစုပေါင်း၍ ပါဝင်တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံကိုယ်စားပြုပြခန်းတစ်ခုကို အစိုးရ၊ပုဂ္ဂလိက ကဏ္ဍစုံလင်စွာဖြင့် ပါဝင်ပြသခဲ့ခြင်း၊ စီးပွားရေးချိတ်ဆက်ခြင်းများကို ဆောင်ရွက်နိုင်ခဲ့ကြသည်။
စက်တင်ဘာလ ၇ ရက်နေ့ ၊ ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဖူကျင့်ပြည်နယ် ခေါင်းဆောင်များ နှင့် ဂျီးမေးလ်ခရိုင်မှူးတို့က တည်ခင်းဧည့်ခံသော ညစာစားပွဲသို့ပါဝင် တက်ရောက်ခဲ့ကြပြီး နှစ်နိုင်ငံကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် စက်တင်ဘာလ ၈ ရက်နေ့၊ နံနက်ပိုင်းတွင် (၂၅) ကြိမ်မြောက် တရုတ်အပြည်ပြည်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုနှင့်ကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနားသို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့်အတူ ပါဝင်တက်ရောက်ခဲ့ပြီး နေ့လည်ပိုင်းတွင်(၅)ကြိမ်မြောက် ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် (RCEP) အဖွဲ့ဝင်နိုင်ငံများ၏ စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု အခမ်းအနားသို့တရုတ်၊ လာအို၊ စင်္ကာပူ၊ ဂျပန်၊ ကိုရီးယားနှင့်မလေးရှားနိုင်ငံများ၏ ကိုယ်စားလှယ်များနှင့်အတူတက်ရောက်၍အမှာစကားပြောကြားခဲ့သည်။ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့် RCEP တွင် ပါဝင်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့်အကျိုးသက်ရောက်မှုများ၊ စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့်စက်မှုကဏ္ဍ(Agro-based industry) ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေသည့် အစီအမံများ၊ ဒေသတွင်း စီးပွားရေး အခြေအနေများနှင့် ရှေ့ဆက်ဆောင်ရွက်နိုင်မည့် လုပ်ငန်းစဉ်များ၊ RCEP အဖွဲ့ဝင် နိုင်ငံများ၏ ဖွံဖြိုးမှုအဆင့်အတန်း ကွာဟသည့်အတွက် အကျိုးကျေးဇူးများ မျှတမှုရှိစေရန် ဆောင်ရွက်နိုင်မှု နည်းလမ်းများနှင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်နိုင်မည့် အစီအစဉ်များ ကို အဓိကထား၍ အကျယ်တဝင့် ဆွေးနွေးပြောကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာလ ၉ ရက်နေ့ (နံနက်ပိုင်း)တွင် ရှမန်နှလုံးသွေးကြောရောဂါကုဆေးရုံ၊ ရှမန်တက္ကသိုလ်သို့ သွားရောက်လေ့လာခဲ့သည်။ ရှေးဦးစွာ ဆေးရုံဥက္ကဌနှင့် ဒုတိယမြို့တော်ဝန်ဖြစ်သူ Dr. Wang Yan နှင့်အဖွဲ့က ကြိုဆိုပြီး ဆေးရုံ၏ လုပ်ငန်းလည်ပတ်မှုနှင့် လက်တွေ့သင်ယူမှုသင်တန်း အခြေ အနေများကို ရှင်းလင်းပြသခဲ့သည်။ ထိုနောက် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနနှင့်ရှမန်နှလုံးသွေးကြောရောဂါကုဆေးရုံ၊ ရှမန်တက္ကသိုလ်တို့အကြား နားလည်မှု စာချွန်လွှာ(MOU)ကိုလက်မှတ်ရေးထိုး၍ လဲလှယ်ခဲ့ကြသည်။ ရှမန်နှလုံးသွေးကြောရောဂါ ဆိုင်ရာ ပညာသင်လေ့လာရေး အစီအစဉ်အရမြန်မာနိုင်ငံမှ နှလုံးရောဂါ အထူးကုဆရာဝန် ၃ ဦး သည် တရုတ်နိုင်ငံ၊ ရှမန်မြို့သို့ လာရောက်၍ အဆင့်မြင့်နည်းပညာနှင့် ပညာသင်ကြားမှုများ ဆောင်ရွက်နိုင်ခဲ့ပြီး နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်ရန် အလို့ငှာ ယခု MOU ကို လက်မှတ်ရေးထိုးခြင်း ဖြစ်သည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် နိုင်ငံတကာမှ လာရောက်ပြသထားသော ပြခန်းများရှိ ရင်းနှီးမြှုပ်နှံမှု အစီအစဉ်များ၊ နည်းပညာသစ်များနှင့် စီးပွားရေးကဏ္ဍ အမျိုးမျိုးကို သွားရောက်လေ့လာခဲ့ကြသည်။ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် CIFIT Press Center မှ မေးမြန်းသည့် မီဒီယာအင်တာဗျူးကို လက်ခံဖြေကြားပေးခဲ့သည်။
ခရီးစဉ်အတွင်း မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရှမန်မြို့ရှိ ICT နည်းပညာဆိုင်ရာ Software Park သို့ သွားရောက်လေ့လာခြင်းများကို လည်းကောင်း၊ ရင်းနှီးမြှုပ်နှံမှု ဖိတ်ခေါ် ဆွဲဆောင်ခြင်းများကို လည်းကောင်း ဆောင်ရွက်ခဲ့ကြသည်။
မြန်မာနိုင်ငံအနေဖြင့် CIFIT ပြပွဲကို ၂၃ ကြိမ်မြောက်မှစတင်၍ နှစ်စဉ်ပါဝင်တက်ရောက်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများ အထူးသဖြင့် တရုတ်နိုင်ငံ ဂျီမေးလ်ခရိုင်မှ စီးပွားရေး လုပ်ငန်းရှင်များက မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီးမြှုပ်နှံရန် အထူးစိတ်ဝင်စားလျက်ရှိကြောင်း သတင်းရရှိသည်။









