
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်
နေပြည်တော်
အာဆီယံ – ဂျပန်ဗဟိုဌာန၏ ရန်ပုံငွေ (၂၀၂၃) ဖြင့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာနက ဦးဆောင်၍ National Activities Project အဖြစ် အကောင်အထည်ဖော်ဆောင်ရွက်သည့် “နိုင်ငံ့ဝန်ထမ်းအရာရှိများအတွက် စေ့စပ်ညှိနှိုင်းမှုဆိုင်ရာ စွမ်းဆောင်ရည်များနှင့် နည်းလမ်းများ မျှဝေဆွေးနွေးပွဲ” ၏ ဖွင့်ပွဲအခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် နေပြည်တော်၊ Grand Amara Hotel ၌ Hybrid ပုံစံဖြင့် ကျင်းပရာ ဖွင့်ပွဲအခမ်းအနားသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်တက်ရောက်၍ အဖွင့်အမှာစကားပြောကြားကာ အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့ပါသည်။
စေ့စပ်ညှိနှိုင်းမှုစွမ်းဆောင်ရည်သည် အစိုးရဌာနအချင်းချင်းအကြား၊ နှစ်နိုင်ငံအကြား၊ နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုများနှင့် နိုင်ငံတကာရေးရာ ကိစ္စရပ်များတွင် အဓိကအရေးပါသည့် အတွက် ယင်းတို့ကို လက်တွေ့အသုံးချ ဆောင်ရွက် နေသည့် အစိုးရကဏ္ဍမှ အရာထမ်းများ၏ စေ့စပ်ညှိနှိုင်းမှုစွမ်းဆောင်ရည်များကို မြှင့်တင်ရန် လိုအပ်သောကြောင့် ယခုဆွေးနွေးပွဲကို ကျင်းပရခြင်းဖြစ်ပါသည်။
ဆွေးနွေးပွဲတွင် စင်ကာပူနိုင်ငံအခြေစိုက် Green Olive Tree သင်တန်းကျောင်းမှ ဘာသာစကားနှင့် ဆက်ဆံရေးပညာဆိုင်ရာ ကျွမ်းကျင်သူ Ms. Michelle Loke က စေ့စပ်ညှိနှိုင်းမှုဆိုင်ရာ သိသင့်သိထိုက်သည့် ခေါင်းစဉ်များဖြစ်သော စေ့စပ်ညှိနှိုင်းမှု၏ အဓိပ္ပာယ်၊ စေ့စပ်ညှိနှိုင်းမှုဆိုင်ရာနည်းလမ်းများ၊ စေ့စပ်ညှိနှိုင်းမှုလုပ်ငန်းစဉ်၊ ထိရောက်သော စေ့စပ်ညှိနှိုင်းမှု၊ စေ့စပ်ညှိနှိုင်းမှုများတွင် တွေ့ကြုံရနိုင်သည့် စိန်ခေါ်မှုများအပေါ် လက်တွေ့အသုံးချနိုင်မည့် နည်းလမ်းများ စသည်တို့ကို အွန်လိုင်းမှတစ်ဆင့်မျှဝေဆွေးနွေးခဲ့ပါသည်။
အဆိုပါဆွေးနွေးပွဲမှတစ်ဆင့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ပြည်သူကို ဝန်ဆောင်မှုပေးခြင်း၊ စာချုပ်စာတမ်းများ ဆွေးနွေးညှိနှိုင်းခြင်း၊ ပြည်တွင်း/ဒေသတွင်းမူဝါဒများ ညှိနှိုင်းချမှတ်ခြင်း၊ ရုံးဌာနအချင်းချင်း ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခြင်း၊ ဘုံသဘောတူညီချက် ရှာဖွေတည်ဆောက်ခြင်းနှင့် နိုင်ငံတကာနှင့် ဒေသတွင်း ဆက်ဆံရေးများတွင် မြန်မာနိုင်ငံရှိ အစိုးရရုံးဌာနများမှ အရာထမ်းများအနေဖြင့် စေ့စပ်ညှိနှိုင်းမှုမဟာ ဗျူဟာများနှင့် နည်းစနစ်များကို ကျယ်ကျယ်ပြန့်ပြန့် နားလည်သဘောပေါက်လာကာ စီမံအုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာကိစ္စရပ်များတွင် အဆိုပါနည်းလမ်းစနစ်များကို စွမ်းဆောင်ရည်ပြည့်ဝစွာဖြင့် ပြန်လည်အသုံးချနိုင်မည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ပါသည်။
ဆွေးနွေးပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် ဦးဆောင်၍ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင်၊ သက်ဆိုင်ရာဝန်ကြီး ဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ အဆင့်မြင့်အရာရှိကြီး များ၊ အာဆီယံ – ဂျပန်ဗဟိုဌာနမှ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာဌာနများမှ အရာထမ်း များ စုစုပေါင်း ၂၀၀ ဦးခန့် တက်ရောက်ခဲ့ပါသည်။

