
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်
ရန်ကုန်မြို့
“ဒုတိယအကြိမ်မြောက် အက်ခ်မက်ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုဆိုင်ရာ လုပ်ငန်းညှိနှိုင်းမှုကော်မတီနှင့် ဘဏ္ဍာရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အစည်းအဝေး” ကို ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၏ ဦးဆောင်မှုဖြင့် အက်ခ်မက် အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံရှိ သက်ဆိုင်ရာဌာနများမှ အဆင့်မြင့် အရာရှိကြီးများ တက်ရောက်၍ ရန်ကုန်မြို့ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ရုံးချုပ်၌ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်နေ့၊ မြန်မာစံတော်ချိန် နံနက် ၉:၀၀ နာရီတွင် မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် အွန်လိုင်းဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။
ဖွင့်ပွဲအခမ်းအနားတွင် အက်ခ်မက်မဏ္ဍိုင် – ၂ ထပ်တူကျသော အက်ခ်မက်စီးပွားရေး၏ မြန်မာနိုင်ငံဆိုင်ရာပူးပေါင်းညှိနှိုင်းရေးအဖွဲ့ ဥက္ကဋ္ဌဖြစ်သူ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်နှင့် ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့မှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များက အဖွင့်အမှာစကားအသီးသီး ပြောကြားခဲ့ ကြပါသည်။ ဆက်လက်၍ ထိုင်းနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ပ ကုန်သွယ်ရေးဌာနမှ ညွှန်ကြားရေးမှူး Mr. Perapat Uthaisri က အက်ခ်မက်ပင်မ စီမံချက် (၂၀၁၉ – ၂၀၂၃) အကောင်အထည်ဖော်နိုင်မှုအပေါ် ဆွေးနွေးတင်ပြပြီး ၎င်းစီမံချက်အား ပြန်လည်သုံးသပ် ခြင်းကိုလည်းကောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေး မှူးချုပ် ဦးမြင့်ဇော်ဦးနှင့်တာဝန်ရှိသူများက “ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုကဏ္ဍ” အောက်ရှိ “အက်ခ်မက်အဖွဲ့ဝင်နိုင်ငံများအကြား ကုန်သွယ်မှုလွယ်ကူချောမွေ့စေခြင်းနှင့် လုပ်ထုံးလုပ်နည်း များ ရိုးရှင်းလွယ်ကူစေခြင်း” အပိုင်းကိုလည်းကောင်း၊ စက်မှုဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးခင်မောင်ကျင်က “တန်ဖိုးကွင်းဆက်နှင့် ထုတ်လုပ်မှုကွင်းဆက်ကို ပေါင်းစည်းနိုင်ရေးနှင့် စပ်လျဉ်း၍ မန္တလေးငလျင်ကြီးပြီးနောက် ထိခိုက်မှုများမှ ပြန်လည်ဦးမော့စေရေးနှင့် ဒေသတွင်း ဈေးကွက်ဝင်ရောက်ခွင့်ရရှိရေး” အပိုင်းကိုလည်းကောင်း၊ ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီမှ ဒုတိယဥက္ကဋ္ဌ ဒေါက်တာမြင့်ဆန်းက “တောင်ဘက်ပိုင်းစီးပွားရေးစင်္ကြံတစ်လျှောက် အက်ခ်မက်အထူးစီးပွားရေးဇုန်များတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ခြင်း – ထားဝယ်အထူးစီးပွားရေးဇုန် တိုးတက်စေခြင်း” အပိုင်းကိုလည်းကောင်း အသီးသီး ရှင်းလင်း တင်ပြဆွေးနွေးခဲ့ကြပါသည်။
ဆက်လက်၍ “ဘဏ္ဍာရေးပူးပေါင်းဆောင်ရွက်မှု” အောက်ရှိ ထိုင်းနိုင်ငံ၊ ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ငွေကြေးမူဝါဒဆိုင်ရာရုံးမှ ညွှန်ကြားရေးမှူးဖြစ်သူ Mr. Thanakorn Praiwan က “မဟာ ဗျူဟာမြောက် အဆိုပြုစီမံကိန်းများအတွက် ဘဏ္ဍာငွေရရှိနိုင်ခြင်း” အပိုင်းကိုလည်းကောင်း၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ငွေတိုက်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်နီနီသန်းက “အက်ခ်မက်ဖွံ့ဖြိုးတိုးတက်မှုရန်ပုံငွေမှတစ်ဆင့် ဘဏ္ဍာရေးပူးပေါင်းဆောင်ရွက်မှုကို အားကောင်း စေခြင်း” အပိုင်းကိုလည်းကောင်း၊ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်မှ ညွှန်ကြားရေးမှူး ဒေါ်ကြည်ကြည်ခင်ဆွေက “ဒေသတွင်းရင်းနှီးငွေဈေးကွက် ပူးပေါင်းဆောင်ရွက် မှုကို မြှင့်တင်ခြင်း” အပိုင်းကိုလည်းကောင်း အသီးသီးရှင်းလင်းတင်ပြဆွေးနွေးခဲ့ကြပါသည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ပူးပေါင်းညှိနှိုင်းရေးအဖွဲ့ ဥက္ကဋ္ဌဖြစ်သူ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က တတိယအကြိမ်မြောက် အက်ခ်မက်ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုဆိုင်ရာလုပ်ငန်းညှိနှိုင်းမှုကော်မတီနှင့် ဘဏ္ဍာရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာအစည်းအဝေးကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပနိုင်ရေးအပေါ် ဆွေးနွေးခဲ့ပါသည်။ ယခုအစည်းအဝေး၏ ဆွေးနွေးမှုများကို အကျဉ်းချုပ်တင်ပြ၍ နိဂုံးချုပ်အမှာ စကား ပြောကြားကာ အစည်းအဝေးကို မြန်မာစံတော်ချိန် နေ့လယ် ၁၂:၀၅ နာရီတွင် ရုပ်သိမ်းခဲ့ပါ သည်။
အစည်းအဝေးသို့ အက်ခ်မက်မဏ္ဍိုင် – ၂ ထပ်တူကျသော အက်ခ်မက်စီးပွားရေး၏ မြန်မာနိုင်ငံဆိုင်ရာပူးပေါင်းညှိနှိုင်းရေးအဖွဲ့၏ အဖွဲ့ဝင်များ၊ အက်ခ်မက်အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့မှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံဆိုင်ရာ ပူးပေါင်းညှိနှိုင်းရေးအဖွဲ့၏ အတွင်းရေးမှူးရုံးဖြစ်သည့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ အရာထမ်းများ၊ စုစုပေါင်း ၅၀ ဦးခန့် တက်ရောက်ခဲ့ကြပါသည်။


