
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations
ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် ၁၄ ခုကို ခွင့်ပြု
(နေပြည်တော်၊ ဒီဇင်ဘာ ၈ ရက်)
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၆/၂၀၂၅) ကြိမ်မြောက် အစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရုံးအမှတ် (၅) ၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။ အဆိုပါအစည်း အဝေးသို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးနှင့် ကော်မရှင် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် လက်ရှိဆောင်ရွက်ဆဲ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၆ ခုမှ မတည်ငွေရင်း တိုးမြှင့်ခြင်းအပါအဝင် စက်မှုကဏ္ဍမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် ၅ ခုကိုလည်းကောင်း၊ စက်မှုကဏ္ဍ၊ ဟိုတယ်နှင့် ခရီးသွားကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍတို့မှ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအသစ် ၉ ခုကိုလည်းကောင်း ခွင့်ပြုပေးခဲ့ပါသည်။ အဆိုပါလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၅၇.၂၉၅ သန်းနှင့် ကျပ် ၄၅၅၀၂.၉၇၈ သန်းဖြစ်ပြီး အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၄၁၁၉ ဦးကို ဖန်တီးပေးနိုင်မည်ဖြစ်ပါသည်။
ယနေ့ အစည်းအဝေးက ခွင့်ပြုပေးသည့် လုပ်ငန်းများတွင် နိုင်ငံအတွက် အဓိကလိုအပ်လျက် ရှိသည့် လျှပ်စစ်သုံး နှစ်ဘီး/ သုံးဘီး မော်တော်ဆိုင်ကယ် တပ်ဆင်ထုတ်လုပ်ခြင်းလုပ်ငန်း၊ မော်တော် ယာဉ်အမျိုးမျိုးတပ်ဆင် ထုတ်လုပ်ခြင်းလုပ်ငန်းများနှင့် ပညာရေးဝန်ဆောင်မှုလုပ်ငန်းများ၊ စားသောက်ကုန်ထုတ်လုပ်ငန်းများနှင့် အလုပ်အကိုင်အခွင့်အလမ်းများစွာ ဖန်တီးပေးနိုင်မည့် အထည်ချုပ်လုပ်ငန်းတို့လည်းပါဝင်သည်။
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလကုန်အထိ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံ/ ဒေသပေါင်း ၅၃ ခု အနက် ရင်းနှီးမြှုပ်နှံမှု အများဆုံးပြုလုပ်သော နိုင်ငံ/ ဒေသများမှာ စင်ကာပူနိုင်ငံ၊ တရုတ်နိုင်ငံ နှင့် ထိုင်းနိုင်ငံတို့ဖြစ်ပါသည်။ စီးပွားရေးကဏ္ဍ ၁၂ ခု အနက် အများဆုံး ရင်းနှီးမြှုပ်နှံထား သည့်ကဏ္ဍ များမှာ လျှပ်စစ်ဓာတ်အားကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၈.၂၈ ရာခိုင်နှုန်းဖြင့် လည်းကောင်း၊ ရေနံနှင့် သဘာဝဓါတ်ငွေ့ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၄.၆၅ ရာခိုင်နှုန်းဖြင့် လည်းကောင်း၊ စက်မှုကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၁၄.၆၀ ရာခိုင်နှုန်းဖြင့်လည်းကောင်း အသီးသီး ရင်းနှီးမြှုပ်နှံ ထားသည်။
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သည် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူများက တင်ပြ လာသည့် ရင်းနှီးမြှုပ်နှံမှု အဆိုပြုချက်များအား စိစစ်ခွင့်ပြုခြင်းကို လည်းကောင်း၊ လက်ရှိ ဆောင်ရွက်ဆဲ ရင်းနှီးမြှုပ်နှံသူများအတွက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဝန်ဆောင်မှုများကိုလည်းကောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်အညီ ပံ့ပိုးကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိ သည်။
