
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations
ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁၂/၂၀၂၅) ကြိမ်မြောက် အစည်း အဝေးကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့ ရန်ကုန်မြို့၊ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီး မြှုပ်နှံမှုကော်မတီရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ကော်မတီအဖွဲ့ဝင်များ၊ အထူး ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီသည် ဟိုတယ်နှင့် ခရီးသွားလာရေးကဏ္ဍတွင် ရာခိုင်နှုန်းပြည့်မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၁)ခု၊ စက်မှုကဏ္ဍတွင် ရာခိုင်နှုန်းပြည့်မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၂)ခု၊ ရာခိုင်နှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း (၂) ခုနှင့် အခြားဝန်ဆောင်မှုကဏ္ဍတွင် ဖက်စပ်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း (၁) ခု တို့ကို အတည်ပြုပေးခဲ့ပါသည်။ အတည်ပြုပေးခဲ့သည့် လုပ်ငန်း များမှာ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများထုတ်လုပ်၍ ၁၀၀% ပြည်တွင်း၌ ရောင်းချခြင်း လုပ်ငန်း၊ ဆန်ကြိတ်ခွဲ၍ ပြည်ပသို့ ၉၀.၇၄% တင်ပို့၍ ပြည်တွင်း၌ ၉.၂၆% ထုတ်လုပ် တင်ပို့ရောင်းချခြင်းလုပ်ငန်း၊ လယ်ယာထွက်သီးနှံများအား တန်ဖိုးမြှင့်တင် ထုတ်လုပ်ပြီး ၁၀၀% ပြည်ပသို့ တင်ပို့ခြင်းလုပ်ငန်း၊ Recycle Metal scraps Product အမျိုးမျိုးအား ခွဲခြားထုတ်ပိုး၍ ၁၀၀% ပြည်ပသို့ တင်ပို့ခြင်းလုပ်ငန်း၊ SKD စနစ်ဖြင့် လောင်စာဆီသုံး ၂ ဘီး၊ ၃ဘီး မော်တော်ဆိုင်ကယ်အမျိုးမျိုး တပ်ဆင်ခြင်း၊ ထုတ်လုပ်ခြင်းနှင့် ပြည်တွင်း၌ ၁၀၀% ဖြန့်ဖြူး ရောင်းချခြင်းလုပ်ငန်းနှင့် ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်းတို့ ဖြစ်ပါသည်။
အဆိုပါ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၏ မတည်ငွေရင်းပမာဏမှာ ကျပ် ၉,၅၆၄.၀၂၀ သန်း နှင့် အမေရိကန်ဒေါ်လာ ၄.၉၈၈ ဖြစ်ပြီး ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်း ၄၁၅ ဦး အတွက် ဖန်တီးပေးနိုင်မည် ဖြစ်ပါသည်။
ထို့အပြင် အစည်းအဝေးတွင် ပြည်တွင်းဝန်ထမ်း (၄၃၀) ဦး တိုးမြှင့် ခန့်ထားခွင့် တင်ပြ လာသည့် လုပ်ငန်း (၁)ခုအပါအဝင် အထွေထွေကိစ္စရပ်များ တင်ပြလာသည့် ကုမ္ပဏီ (၁၇) ခု၏ တင်ပြချက် များကိုလည်း ဆွေးနွေး ဆုံးဖြတ်ခဲ့ကြပါသည်။

