စီးပွားရေးလုပ်ငန်းများ ဝင်ရောက်လုပ်ကိုင်ခွင့်အတွက် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုသဘောတူ စာချုပ်များအရ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သီးသန့်ချန်လှပ်ထားသော လုပ်ငန်းများစာရင်း ရေးဆွဲခြင်းဆိုင်ရာ အသိပညာဆွေးနွေးဖလှယ်ပွဲကျင်းပ

Print Friendly, PDF & Email

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်

ရန်ကုန်မြို့

စီးပွားရေးလုပ်ငန်းများ ဝင်ရောက်လုပ်ကိုင်ခွင့်အတွက် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှု သဘောတူစာချုပ်များအရ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာသီးသန့်ချန်လှပ်ထားသော လုပ်ငန်းများစာရင်း ရေးဆွဲခြင်းဆိုင်ရာ အသိပညာဆွေးနွေးဖလှယ်ပွဲ” ၏ ဖွင့်ပွဲအခမ်းအနားကို ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနအောက်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီး ဌာနက အာဆီယံ – ဂျပန်ဗဟိုဌာန၏ ရန်ပုံငွေဖြင့် National Activities စီမံကိန်းအဖြစ် ရန်ကုန်မြို့ ရှိ ဤဦးစီးဌာန ရုံးချုပ်၌ အွန်လိုင်းမှတစ်ဆင့် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။

အဆိုပါဖွင့်ပွဲအခမ်းအနား၌ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝါဝါမောင်က အာဆီယံဘက်စုံရင်းနှီးမြှုပ်နှံမှုသဘောတူစာချုပ် နှင့် ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုသဘောတူစာချုပ်များ အပါအဝင် ဒေသတွင်း သဘောတူစာချုပ်များအရ သီးသန့်ချန်လှပ်ထားသော လုပ်ငန်းများစာရင်းကို ပြုစုခြင်းနှင့် အဆင့် မြှင့်တင်ခြင်းတို့ ဆောင်ရွက်ရာတွင် အရာထမ်းများ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးရန် လိုအပ်ပါ ကြောင်း၊ မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးကိစ္စရပ်များနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေး တို့ကို ခိုင်မာအားကောင်းအောင် ဆောင်ရွက်ရာတွင် အာဆီယံ – ဂျပန်ဗဟိုဌာနအနေဖြင့် စဉ်ဆက် မပြတ် ကူညီပံ့ပိုးပေးမှုများကို ကျေးဇူးအထူးတင်ရှိပါကြောင်း Video Message ဖြင့် အဖွင့်အမှာ စကား ပြောကြားခဲ့ပါသည်။

ထို့နောက် အာဆီယံ – ဂျပန်ဗဟိုဌာနကိုယ်စား နိုင်ငံအလိုက်မဟာဗျူဟာ အထောက် အကူပြုအဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှူးဖြစ်သူ Ms. Deborah Nicole Danker က အာဆီယံ အဖွဲ့ဝင်နိုင်ငံများ၏ ရင်းနှီးမြှုပ်နှံမှုမူဝါဒမူဘောင်များ ချမှတ်အကောင်အထည်ဖော်ခြင်းနှင့် ဒေသ တွင်းစီးပွားရေး ပူးပေါင်းဆောင်ရွက်ခြင်းတို့ကို ခိုင်မာစေရန် အာဆီယံ – ဂျပန်ဗဟိုဌာနအနေဖြင့် ပံ့ပိုးကူညီပေးရန် ကတိကဝတ်ပြုပါကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

အဆိုပါစီမံကိန်းတွင် အဓိကလုပ်ငန်းစဉ် ၂ ခုပါရှိပြီး လုပ်ငန်းစဉ် (၁) သည် ရင်းနှီးမြှုပ်နှံမှု နှင့်သက်ဆိုင်သည့် ဝန်ကြီးဌာနများနှင့် ပူးပေါင်း၍ ကဏ္ဍအလိုက် သီးသန့်ချန်လှပ်ထားသော လုပ်ငန်းများစာရင်းကို မူကြမ်းပြုစုရေးဆွဲခြင်းနှင့် လုပ်ငန်းစဉ် (၂) သည် သီးသန့်ချန်လှပ်ထားသော လုပ်ငန်းများစာရင်း (မူကြမ်း) အပေါ် သီအိုရီများ၊ နည်းလမ်းများဖြင့် ထပ်မံဆန်းစစ်လေ့လာသည့် ၃ ရက်ကြာသင်တန်းဖွင့်လှစ်ခြင်းတို့ ဖြစ်ပါသည်။ ၎င်းလုပ်ငန်းစဉ် ၂ ခုကို နိုင်ငံတကာကျွမ်းကျင် ပညာရှင်များဖြစ်သည့် Dr. Kabir Duggal နှင့် Mr. Harshad Pathak တို့က သီးသန့်ချန်လှပ်ထား သောလုပ်ငန်းများစာရင်းနှင့်စပ်လျဉ်းသည့် သီအိုရီများ၊ အယူအဆများ၊ နည်းလမ်းများနှင့် ထိရောက်မှုရှိသည့်စာရင်းကို ပြုစုသည့် မဟာဗျူဟာနည်းလမ်းများကို မျှဝေပေးမည်ဖြစ်ပါသည်။ အဆိုပါစီမံကိန်းသည် ရင်းနှီးမြှုပ်နှံသူများအတွက် ကြိုတင်ခန့်မှန်းနိုင်ချေရှိသည့် ဈေးကွက် ဝင်ရောက်ခွင့်ကိုလည်း ရရှိနိုင်ရန်အတွက် ရင်းနှီးမြှုပ်နှံမှုနှင့်သက်ဆိုင်သည့်ဌာနများမှ အရာထမ်း များအနေဖြင့် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုသဘောတူစာချုပ်များအရ သီးသန့်ချန်လှပ်ထားသော လုပ်ငန်းများစာရင်းကို ပြင်ဆင်ခြင်း၊ ညှိနှိုင်းဆွေးနွေးခြင်းနှင့် အဆင့်မြှင့်တင်ခြင်းတို့ကို ဆောင်ရွက် ရာတွင် စွမ်းဆောင်ရည်ပြည့်ဝ၍ အကျိုးရှိစွာ ဆောင်ရွက်နိုင်စေရေး အထောက်အကူပြုမည်ဖြစ်ပါ သည်။

အသိပညာဆွေးနွေးဖလှယ်ပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ရင်းနှီးမြှုပ်နှံမှုနှင့်သက်ဆိုင်သည့် ဝန်ကြီးဌာနများမှ အရာထမ်းများနှင့် အာဆီယံ – ဂျပန် ဗဟိုဌာနမှ ကိုယ်စားလှယ်များ၊ စုစုပေါင်း ၂၅၀ ခန့် တက်ရောက်ခဲ့ပါသည်။ အဆိုပါအသိပညာဆွေးနွေးဖလှယ်ပွဲကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ လ ၂ ရက်နေ့မှ မတ်လ ၉ ရက်နေ့အထိ ဆက်လက်ကျင်းပသွားမည်ဖြစ်ပါသည်။