မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၂/၂၀၂၆) ကြိမ်မြောက် အစည်းအဝေးက အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၂၅၀၀ ခန့်ကို ဖန်တီးပေးနိုင်မည့်

Print Friendly, PDF & Email

 ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် ၁၇ ခုကို ခွင့်ပြု

(နေပြည်တော်၊ ဖေဖော်ဝါရီလ ၂၅    ရက်)

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၂/၂၀၂၆) ကြိမ်မြောက် အစည်းအဝေးကို ယနေ့ ၀၉ ၀၀ နာရီ တွင် နေပြည်တော်ရှိ ရုံးအမှတ် (၅) ၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။ အဆိုပါအစည်းအဝေးသို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးနှင့် ကော်မရှင် အဖွဲ့ဝင်များ  တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် လက်ရှိဆောင်ရွက်ဆဲ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်းတိုးမြှင့် ခြင်းအပါအဝင် စက်မှုကဏ္ဍမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအသစ် ၂ ခု ကို လည်းကောင်း၊ စက်မှုကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍ၊ အိမ်ရာအဆောက်အအုံတည်ဆောက်ခြင်းကဏ္ဍ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍ၊ မွေးမြူရေးနှင့်ရေလုပ်ငန်းကဏ္ဍများမှ မြန်မာနိုင်ငံသား ရင်းနှီး မြှုပ်နှံမှုလုပ်ငန်း အသစ် ၁၅ ခု တို့ကိုလည်းကောင်း ခွင့်ပြုပေးခဲ့ပါသည်။ အဆိုပါလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုပမာဏ မှာ အမေရိကန်ဒေါ်လာ ၇.၆၄၄ သန်းနှင့် ကျပ် ၅၅၇,၉၀၇.၀၆၉ သန်းဖြစ်ပြီး အလုပ်အကိုင် အခွင့် အလမ်းပေါင်း ၂၄၄၉ ဦးကို ဖန်တီးပေးနိုင်မည်ဖြစ်ပါသည်။

ယနေ့ အစည်းအဝေးက ခွင့်ပြုပေးသည့် လုပ်ငန်းများတွင် နိုင်ငံအတွက် အဓိကလိုအပ်လျက် ရှိသည့် လျှပ်စစ်မော်တော်ယာဉ် တပ်ဆင်ထုတ်လုပ်‌ရောင်းချခြင်းလုပ်ငန်းများ၊ စားသောက်ကုန်ထုတ် လုပ်ငန်းများ၊ မွေးမြူရေးလုပ်ငန်းများ၊ စိုက်ပျိုးရေးလုပ်ငန်းသုံးသွင်းအားစုများထုတ်လုပ်ခြင်း လုပ်ငန်း များအပြင် အိမ်ရာအဆောက်အအုံ ဆောက်လုပ်ခြင်းလုပ်ငန်းများနှင့် အလုပ်အကိုင်အခွင့်အလမ်းများ စွာ ဖန်တီးပေးနိုင်မည့်  အထည်ချုပ်လုပ်ငန်းတို့လည်း ပါဝင်သည်။  

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလကုန်အထိ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံ/ ဒေသပေါင်း ၅၃ ခု အနက် ရင်းနှီးမြှုပ်နှံမှုအများဆုံးပြုလုပ်သော နိုင်ငံ/ ဒေသများမှာ စင်ကာပူနိုင်ငံ၊ တရုတ်နိုင်ငံနှင့် ထိုင်း နိုင်ငံတို့ ဖြစ်ပါသည်။ စီးပွားရေးကဏ္ဍ ၁၂  ခု အနက် အများဆုံးရင်းနှီးမြှုပ်နှံထားသည့် ကဏ္ဍများမှာ လျှပ်စစ်ဓာတ်အားကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၈.၂၇ ရာခိုင်နှုန်းဖြင့် လည်းကောင်း၊ ရေနံနှင့် သဘာဝဓါတ်ငွေ့ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၄.၆၂  ရာခိုင်နှုန်းဖြင့် လည်းကောင်း၊ စက်မှုကဏ္ဍ တွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၁၄.၆၅ ရာခိုင်နှုန်းဖြင့်လည်းကောင်း အသီးသီး ရင်းနှီးမြှုပ်နှံထားသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သည် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူများက တင်ပြလာ သည့် ရင်းနှီးမြှုပ်နှံမှုအဆိုပြုချက်များအား စိစစ်ခွင့်ပြုခြင်းကိုလည်းကောင်း၊ လက်ရှိဆောင်ရွက်ဆဲ ရင်းနှီမြှုပ်နှံသူများအတွက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဝန်ဆောင်မှုများကိုလည်းကောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့်အညီ  ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။