
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar
(နေပြည်တော်၊ မတ်လ ၁၅ ရက်)
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၃/၂၀၂၆)ကြိမ်မြောက် အစည်းအဝေးကို ယနေ့ နေ့လယ်ပိုင်းတွင် နေပြည်တော်ရှိ ရုံးအမှတ် (၅) ၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။ အဆိုပါ အစည်းအဝေးသို့ မြန်မာ နိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးနှင့် ကော်မရှင် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် လက်ရှိဆောင်ရွက်ဆဲ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်းတိုးမြှင့် ခြင်းအပါအဝင် စက်မှုကဏ္ဍနှင့် လျှပ်စစ်ဓာတ်အားကဏ္ဍမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအသစ် ၄ ခု ကို လည်းကောင်း၊ စက်မှုကဏ္ဍ၊ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍ၊ လျှပ်စစ်ဓာတ်အား ကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍများမှ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအသစ် ၃၁ ခု တို့ကိုလည်းကောင်း ခွင့်ပြုပေးခဲ့ပါသည်။ အဆိုပါလုပ်ငန်းများ၏ ရင်းနှီး မြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၄၁.၀၀၃ သန်းနှင့် ကျပ် ၁,၉၅၅,၅၂၆.၉၅၅ သန်းဖြစ်ပြီး အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၅၀၆၄ ဦးကို ဖန်တီး ပေးနိုင်မည်ဖြစ်ပါသည်။
ယနေ့ အစည်းအဝေးက ခွင့်ပြုပေးသည့် လုပ်ငန်းများတွင် နိုင်ငံအတွက် အဓိကလိုအပ်လျက် ရှိသည့် လုပ်ငန်းသုံးမော်တော်ယာဉ်ထုတ်လုပ်ခြင်းလုပ်ငန်းများ၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း လုပ်ငန်းများ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးအခြေခံကုန်ထုတ်လုပ်မှုလုပ်ငန်းများ၊ ဟိုတယ်နှင့်ခရီးသွား လာရေးလုပ်ငန်း၊ လျှပ်စစ်မော်တော်ယာဉ်တပ်ဆင်ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်းများ၊ ဆိပ်ကမ်း တည်ဆောက်ခြင်းနှင့် ဆိပ်ကမ်းဝန်ဆောင်မှုလုပ်ငန်းများ၊ လက်ကိုင်ဖုန်းအမျိုးမျိုး တပ်ဆင်ထုတ်လုပ် ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း၊ ဆိုလာပြားထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း၊ မွေးမြူရေးအစာ ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်းများ၊ စားသောက်ကုန်ထုတ်လုပ်ငန်းများအပြင် အလုပ်အကိုင်အခွင့် အလမ်းများစွာ ဖန်တီးပေးနိုင်မည့် အထည်ချုပ် လုပ်ငန်းတို့လည်း ပါဝင်သည်။
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလကုန်အထိ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံ/ ဒေသပေါင်း ၅၃ ခုအနက် ရင်းနှီးမြှုပ်နှံမှုအများဆုံးပြုလုပ်သော နိုင်ငံ/ ဒေသများမှာ စင်ကာပူနိုင်ငံ၊ တရုတ်နိုင်ငံနှင့် ထိုင်း နိုင်ငံတို့ ဖြစ်ပါသည်။ စီးပွားရေးကဏ္ဍ ၁၂ ခု အနက် အများဆုံးရင်းနှီးမြှုပ်နှံထားသည့်ကဏ္ဍများမှာ လျှပ်စစ်ဓာတ်အားကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၈.၂၇ ရာခိုင်နှုန်းဖြင့် လည်းကောင်း၊ ရေနံနှင့် သဘာဝဓါတ်ငွေ့ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၄.၆၂ ရာခိုင်နှုန်းဖြင့်လည်းကောင်း၊ စက်မှုကဏ္ဍ တွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၁၄.၆၇ ရာခိုင်နှုန်းဖြင့်လည်းကောင်း အသီးသီး ရင်းနှီးမြှုပ်နှံထားသည်။
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သည် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူများက တင်ပြလာ သည့် ရင်းနှီးမြှုပ်နှံမှုအဆိုပြုချက်များအား စိစစ်ခွင့်ပြုခြင်းကိုလည်းကောင်း၊ လက်ရှိဆောင်ရွက်ဆဲ ရင်းနှီးမြှုပ်နှံသူများအတွက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဝန်ဆောင်မှုများကိုလည်းကောင်း မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှု ဥပဒေနှင့်အညီ ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
