
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations
ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၃/၂၀၂၆) ကြိမ်မြောက် အစည်း အဝေးကို ၂၀၂၆ ခုနှစ် မတ်လ ၁၃ ရက်နေ့တွင် ရန်ကုန်မြို့၊ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ကော်မတီအဖွဲ့ဝင်များ၊ အထူးဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့သည် ရင်းနှီးမြှုပ်နှံသူ လုပ်ငန်းရှင်များ၏ ထုတ်လုပ်သည့် ပစ္စည်း နမူနာပြသထားရှိမှုများကို ကြည့်ရှုစစ်ဆေးကြသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက အမှာစကားပြောကြားသည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီသည် ဟိုတယ်နှင့် ခရီး သွားလာရေး လုပ်ငန်းကဏ္ဍတွင် ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၁) ခု၊ စက်မှုကဏ္ဍတွင် ရာခိုင်နှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၅) ခု တို့ကို အတည်ပြုပေးခဲ့ ပြီး အတည်ပြုပေးခဲ့သည့်လုပ်ငန်းမှာ ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်း၊ CMP စနစ်ဖြင့် ဖိနပ် အမျိုးမျိုးချုပ်လုပ်ခြင်းလုပ်ငန်း၊ အဝတ်အထည်အမျိုးမျိုးချုပ်လုပ်ခြင်းလုပ်ငန်း၊ Plush Toy အမျိုးမျိုးချုပ်လုပ်ခြင်းလုပ်ငန်း၊ စက္ကူအခြေခံ ထုတ်ပိုးပစ္စည်းအမျိုးမျိုး ပုံနှိပ်၍ ထုတ်လုပ်ပြီး ပြည်တွင်း၌ ၁၀၀% ရောင်းချခြင်းလုပ်ငန်း ၊ Contract Manufacturing Processing (CMP) စနစ် ဖြင့် Bra Cup များ ထုတ်လုပ်၍ ပြည်ပသို့ ၁၀၀% တင်ပို့ခြင်း လုပ်ငန်းတို့ဖြစ်ကာ အဆိုပါ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်း ပမာဏမှာ ကျပ် ၄,၇၉၂.၃၂၆ သန်းနှင့် အမေရိကန် ဒေါ်လာ ၉.၅၅၁ သန်းဖြစ်ပြီး ပြည်တွင်း အလုပ်အကိုင် အခွင့်အလမ်း (၃,၂၀၃) ဦးအတွက် ဖန်တီးပေးနိုင်ခဲ့ကြောင်းနှင့် အစည်းအဝေးတွင် မတည်ရင်းနှီးငွေတိုးမြှင့်မည့် လုပ်ငန်း (၁) ခု အပါအဝင် အထွေထွေကိစ္စရပ်များ တင်ပြလာသည့် ကုမ္ပဏီ (၁၁) ခု၏ တင်ပြချက်များကိုလည်း ဆွေးနွေးဆုံးဖြတ်ခဲ့ကြသည်။
ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီအနေဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေး နှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပေါင်း (၄၂)ခု၊ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ရင်းနှီး မြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၇၁.၅၃၉ သန်း၊ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ပေါင်း (၁၄)ခု ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ် ၄၉,၄၄၇.၂၁၈ သန်း တို့ကို ခွင့်ပြုပေးခဲ့ပြီး ပြည်တွင်း အလုပ်အကိုင်အခွင့်အလမ်းပေါင်း (၃၉,၃၅၇)ဦးအတွက်ဖန်တီးပေးနိုင်ခဲ့ကြောင်းနှင့် ခွင့်ပြုပေးခဲ့သည့် ရင်းနှီးမြှုပ်နှံမှု ကဏ္ဍများမှာ စက်မှုကဏ္ဍ၊ ဟိုတယ်နှင့် ခရီးသွားလာရေးကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍတို့ ဖြစ်ပါသည်။
