
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၇ တွင် ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့သို့ သွားရောက်၍ ဒေသခံ လုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းကာ ထိတွေ့ဝန်ဆောင်မှုများ ပေးအပ်ခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာ၌ ညွှန်ကြားရေးမှူးချုပ်က ယခုခရီးစဉ်၏ ရည်ရွယ်ချက်မှာ ရှမ်းပြည်နယ် အတွင်းရှိ မိရိုးဖလာ စီးပွားရေး စနစ်ဖြင့် ဆောင်ရွက်နေကြသည့် အသေးစား၊ အလတ်စားနှင့် အငယ်စား စီးပွားရေးလုပ်ငန်းများအနေဖြင့် အဆင့်မြှင့်တင်၍ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေတို့နှင့်အညီ လုပ်ကိုင်ဆောင်ရွက် ခြင်းအားဖြင့် ဥပဒေပါ အကျိုးခံစားခွင့်များကို ရရှိခံစားပြီး လုပ်ငန်းများ ကြီးထွားလာရန် ရည်ရွယ်ပါကြောင်း၊ ထိုမှ တစ်ဆင့် နိုင်ငံတော်အစိုးရ၏ ဦးတည်ချက်နှင့်အညီ ရင်းနှီးမြှုပ်နှံမှုမှ တစ်ဆင့် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ဆောင်ရွက်နိုင်ရန် မျှော်မှန်းပါကြောင်း ထည့်သွင်းပြောကြားခဲ့ပါသည်။
ဆွေးနွေးပွဲများအပြီးတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၏ တာဝန် ရှိသူများက ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စရပ်များ၊ ကုမ္ပဏီရေးရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဥပဒေနှင့်အညီ ရရှိခံစားနိုင်မည့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများကို ရှင်းလင်းဆွေးနွေးခဲ့ကြ ပါသည်။ ဆက်လက်၍ စီးပွားရေးလုပ်ငန်းရှင်များ၏ သိရှိလိုသည့် အချက်များကို ရှင်းလင်း ဆွေးနွေးသည့် ဝန်ဆောင်မှုကို ပြုလုပ်ခဲ့ကြပြီး လက်ရှိစီးပွားရေးလုပ်ငန်းအခြေအနေများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပါသည်။





