
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

အိန္ဒိယနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အိန္ဒိယကုန်သည်ကြီးများအသင်းတို့၏ ဖိတ်ကြားမှုဖြင့် အိန္ဒိယနိုင်ငံ၊ ကော်လ်ကတ္တားမြို့၌ ကျင်းပလျက်ရှိသည့် ဘင်းမ်စတက် စီးပွားရေးဆိုင်ရာ သီးသန့်ဆွေးနွေးပွဲ (BIMSTEC Business Conclave) သို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက ဂုဏ်ထူးဆောင် ဧည့်သည်တော်အဖြစ် တက်ရောက်၍ အမှာစကား ပြောကြားပါသည်။
ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံနှင့် ဘင်းမ်စတက်အဖွဲ့ဝင် နိုင်ငံများအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်နေမှု အခြေအနေများနှင့် ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်မည့် အလားအလာများ၊ ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ အကြံပြုဆွေးနွေးခဲ့ပါသည်။
ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌနှင့် ကိုယ်စားလှယ်များ ၊ မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း ဥက္ကဋ္ဌနှင့် ကိုယ်စားလှယ်များတို့ တက်ရောက်လျက်ရှိပါသည်။
နေ့လယ်ပိုင်း၌ ကျင်းပသည့် BIMSTEC Investment Forum တွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စိန်ခေါ်မှုများနှင့် အခွင့်အရေးများခေါင်းစဉ်ဖြင့် ကျင်းပသည့် စကားဝိုင်းဆွေးနွေးပွဲတွင် Panel list အဖြစ် ဆွေးနွေးခဲ့ပါသည်။
အဆိုပါ ဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဘင်းမ်စတက် အဖွဲ့ဝင်နိုင်ငံများ ဖြစ်သည့် အိန္ဒိယသမ္မတနိုင်ငံ ကုန်သည်များအသင်း ဥက္ကဋ္ဌ၊ အိန္ဒိယနိုင်ငံအစိုးရ၊ ပြည်ပရေးရာနှင့် ပညာရေးဝန်ကြီးဌာန ဝန်ကြီး၊ ဘင်္ဂလားဒေရှ့်နိုင်ငံ စက်မှုဝန်ကြီးဌာန ဝန်ကြီး၊ နီပေါနိုင်ငံ စက်မှု၊ ကူးသန်းရောင်းဝယ်ရေး ထောက်ပံ့ရေးဝန်ကြီးဌာန ဝန်ကြီး၊ သီရိလင်္ကာနိုင်ငံ စက်မှုဝန်ကြီးဌာန ဝန်ကြီး၊ ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ဘူတန်နိုင်ငံ စက်မှု၊ ကူးသန်း ရောင်းဝယ်ရေးနှင့် အလုပ်အကိုင်ဝန်ကြီးဌာန အတွင်းရေးဝန်၊ အိန္ဒိယသမ္မတနိုင်ငံ ကုန်သည် များအသင်း ဒုတိယဥက္ကဋ္ဌနှင့် ဘင်းမ်စတက် အဖွဲ့ဝင်နိုင်ငံများမှ ဖိတ်ကြားထားသည့် ကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။
