
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

(၂၀၂၂ ခုနှစ် မတ်လ ၃၀ ရက်၊ နေပြည်တော်)
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၂/၂၀၂၂) ကြိမ်မြောက် အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ရုံးအမှတ် ၁၈၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်၊ မြန်မာ နိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် ကော်မရှင် အဖွဲ့ဝင်များ တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးမှ ဆောင်ရွက်ဆဲ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၂ ခု ၏ မတည်ငွေရင်း တိုးမြှင့်ခြင်းအပါအဝင် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍ၊ စက်မှုကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍ၊ လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍတို့မှ လုပ်ငန်းသစ် ၇ ခု ကိုခွင့်ပြုခဲ့သည်။ အဆိုပါလုပ်ငန်းများ၏ ရင်းနှီးမြုပ်နှံမှုပမာဏသည် အမေရိကန်ဒေါ်လာ ၈၅.၇၅၉ သန်း နှင့် ကျပ်သန်း ၄၃,၃၂၇.၄၅၅ ရှိပြီး ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၃,၅၅၃ နေရာကို ဖန်တီးပေးနိုင်မည်ဖြစ်ပါသည်။
ယနေ့အစည်းအဝေးက ခွင့်ပြုခဲ့သောလုပ်ငန်းများတွင် တည်ဆောက်ရေးကာလ ၆ လအတွင်း ၂၀ မဂ္ဂါဝပ် နေရောင်ခြည် စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံတည်ဆောက်၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း လုပ်ငန်းလည်း ပါဝင်ပါသည်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၂ ခုနှစ်၊ မတ်လအထိ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုမှုအနေဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၄၈ ခုက စုစုပေါင်း အမေရိကန်ဒေါ်လာ ၆၈၄.၆၈၆ သန်း ဖြင့်လည်းကောင်း၊ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု အနေဖြင့် လုပ်ငန်း ၃၈ ခုက စုစုပေါင်း ကျပ် ၄၆၈,၃၉၃.၅၂၈ သန်းဖြင့် လည်းကောင်း ခွင့်ပြုခဲ့ပြီး အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၄၂,၈၈၀ခု ဖန်တီးပေးနိုင်ခဲ့ပါသည်။