
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

စိုက်ပျိုးရေးနှင့် မွေးမြူရေး ကဏ္ဍဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု စကားဝိုင်း ဆွေးနွေးပွဲကို ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက ဦးဆောင်၍ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့တွင် Virtual စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ ဆွေးနွေးပွဲကို မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍရှိ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများကို သိရှိနိုင်ရန်နှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မူဝါဒများ၊ အခွင့်အလမ်းများကို မျှဝေ နိုင်ရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်ပါသည်။
ဆွေးနွေးပွဲတွင် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့်စွမ်းအင် ဝန်ကြီး ဦးဟံထွန်းက အမှာစကား ပြောကြားခဲ့ပါသည်။ ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းနှင့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲထွန်းဝင်းတို့က မိတ်ဆက်အမှာစကား အသီးသီး ပြောကြားခဲ့ပါသည်။
ဆက်လက်၍ အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍမှ တာဝန်ရှိသူများက စိုက်ပျိုးရေး၊ မွေးမြူရေး ကဏ္ဍ၏ အာဆီယံလမ်းညွှန်ချက်များ၊ အခွင့်အလမ်းများ၊ စိန်ခေါ်မှုများ၊ ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ် များကို အသီးသီး ရှင်းလင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြ ပါသည်။
ထို့နောက် “How to figure out the ways for the Challenges of Agriculture& Livestock Sector Development”ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲကိုလည်း ဆက်လက် ကျင်းပပြုလုပ်ခဲ့ရာ အစိုးရ၊ ပုဂ္ဂလိကအသီးသီးမှ ပညာရှင်များက ပါဝင်ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသူများ၏ မေးမြန်းချက်များကို ပြန်လည် ဖြေကြားပေးခဲ့ကြပါသည်။
ဆွေးနွေးပွဲကို ဌာနဆိုင်ရာက တာဝန်ရှိသူများ၊ ပုဂ္ဂလိကကဏ္ဍက ကျွမ်းကျင်ပညာရှင်များ၊ ပြည်တွင်း ပြည်ပ စီးပွားရေးလုပ်ငန်းရှင်များ စုစုပေါင်း ၃၀၀ ကျော် တက်ရောက်ခဲ့ပါသည်။





