
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း သည် British Chamber of Commerce Myanmar က စီစဉ်ကျင်းပသည့် A New Way of Working with Government Webinar တွင် မိန့်ခွန်းပြောကြားခဲ့ပါသည်။
ယင်းသို့ပြောကြားရာတွင် ကိုဗစ်ကာလအတွင်း ဒစ်ဂျစ်တယ် ငွေကြေးဝန်ဆောင်မှုများ ပိုမိုတွင်ကျယ်စွာ အသုံးပြုလာနိုင်ခြင်း၊ ယခင်နှစ်များထက် အွန်လိုင်းအသုံးပြုမှုများပြားလာခြင်း၊ အွန်လိုင်းဖြင့်စီးပွားရေး လုပ်ငန်းဆောင်ရွက်မှုပုံစံများ ပြောင်းလဲလာခြင်းနှင့် အွန်လိုင်းမှ တစ်ဆင့် အစည်းအဝေးများ ကျင်းပလာခြင်းကို အသိအမှတ်ပြုကြောင်း အလေးပေးပြောကြားပါသည်။
ထို့အပြင် အခြေခံအဆောက်အအုံကဏ္ဍတွင် ကိုရီးယား-မြန်မာစက်မှုဇုန်စီမံကိန်း၊ မြန်မာ နှင့် ထိုင်းပူးပေါင်းဆောင်ရွက်မည့် AMATA Smart and Eco City စသည့် စီမံကိန်းများကို အုတ်မြစ်ချနိုင်ခဲ့သည်အထိ တိုးတက်မှုများရှိပါကြောင်း ပြောကြားပါသည်။
ပြည်ထောင်စုဝန်ကြီးသည် COVID-19၏ စိန်ခေါ်မှုများကို တုံ့ပြန်နိုင်ပြီး အားလုံးပါဝင် ကာ စဉ်ဆက်မပြတ်စီးပွားရေးဖွံ့ဖြိုးတိုးတက်စေမည့် မြန်မာ့စီးပွားရေး ပြန်လည်ကောင်းမွန်လာ စေရေးနှင့် ပြုပြင်ပြောင်းလဲရေးစီမံချက် (Myanmar Economic Resilience and Reform Plan-MERRP)ကိုလည်း အလေးပေးပြောကြားပါသည်။ ဆက်လက်၍ အခြေခံအဆောက်အအုံလုပ်ငန်း စီမံကိန်းများကို ပွင့်လင်းမြင်သာမှုရှိရှိ ဆောင်ရွက်သွားမည်ဖြစ်ပြီး မြေပိုင်ဆိုင်မှုနှင့် စပ်လျဉ်း၍ ရှင်းလင်းပြီး ပွင့်လင်းမြင်သာမှုရှိစေမည့် မြေနှင့်အဆောက်အအုံ သတင်းအချက်အလက်ဘဏ် (အွန်လိုင်းဒေတာဘေ့စ်)ကို မကြာမီမိတ်ဆက်သွားမည်ဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းစဉ် တစ်ခုလုံး ပိုမိုရှင်းလင်းလွယ်ကူစေရေးနှင့် လုံခြုံမှုရှိစေရေးအတွက် အွန်လိုင်းမှ-တစ်ဆင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဝန်ဆောင်မှုပေးခြင်းနှင့် ငွေပေးချေမှု လုပ်ငန်းစဉ်များကို တိုးတက်အောင် ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် e-government နှင့် ဒစ်ဂျစ်တယ်စနစ်ဖြင့် ဝန်ဆောင်မှုပေးခြင်း၊ ငေွကြေးကဏ္ဍနှင့် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ကဏ္ဍ တို့နှင့်စပ်လျဉ်းသည့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများကို အလေးပေးပြောကြားခဲ့ပါသည်။
အဆိုပါ Webinar သို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ၊ British Chamber of Commerce မှ Chief Executive Officer ဖြစ်သူ Mr. Peter Crowhurst ၊ Wave Money မှ Chief Executive Officer ဖြစ်သူ Mr. Brad Jones အပါအဝင် စုစုပေါင်း (၁၀၀) ဦး တက်ရောက်ခဲ့ပါသည်။
