
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ (YRIC)မှ အတည်ပြုပေးခဲ့သောရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအနေဖြင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ၊ နည်းဥပဒေနှင့် ဆက်စပ်ဥပဒေများ၊ လုပ်ထုံး လုပ်နည်းများအရ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ လိုင်စင်လျှောက်ထားမှုများကို စနစ်တကျမှန်ကန်စွာ ဆောင်ရွက်နိုင်ရန်နှင့် လုပ်ငန်းဆောင်ရွက်ရာတွင် တွေ့ကြုံရသော အခက် အခဲများအား ဆွေးနွေးဖြေရှင်းပေးနိုင်ရန်အတွက် Aftercare Service To Investors in Yangon Region Workshop ကို Wyndham Grand Yangon (Amarapura Grand Ballroom 3rd Floor) ၌ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၁၇ ရက်နေ့တွင် ကျင်းပခဲ့ပါသည်။
အဆိုပါဆွေးနွေးပွဲကို ရန်ကုန်တိုင်းဒေသ ကြီးရင်းနှီးမြှုပ်နှံမှုကော်မတီက ဦးဆောင် ကျင်းပခဲ့ပြီး ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စက်မှုဇုန် ကော်မတီများမှ တာဝန်ရှိသူများ၊ YRIC မှ အတည်ပြုမိန့်ရရှိထားသော ပြည်တွင်း၊ ပြည်ပ စီးပွားရေးလုပ်ငန်း ရှင်များ၊ Law Firm များ၊ ပြည်တွင်းသတင်းမီဒီယာများ စုစုပေါင်းလူဦးရေ ၄၀၀ ကျော်ခန့် တက်ရောက်ခဲ့ကြပါသည်။
နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီး ဦးမြင့်သောင်း၊ ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာန၊ ဝန်ကြီး ဒေါ်မိုးမိုးစုကြည်တို့မှ နှုတ်ခွန်းဆက်စကားများ အသီးသီးပြောကြားခဲ့ကြပါသည်။ ထို့နောက် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်မှ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ရင်းနှီးမြှုပ်နှံသူများအပေါ် ထိရောက်သော Aftercare ဝန်ဆောင်မှုများဆောင်ရွက်ခြင်းကို ဆွေးနွေးပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး ရန်ကုန်တိုင်း ဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၊ အတွင်းရေးမှူး ဦးမျိုးခိုင်ဦးနှင့် တက်ရောက်လာသော ဌာနဆိုင်ရာတာဝန်ရှိသူများက ရန်ကုန်တိုင်းဒေသကြီးအတွင်း အတည်ပြုမိန့်ရရှိပြီးနောက်ပိုင်း ရင်းနှီးမြှုပ်နှံသူများအား ဆက်လက်ဝန်ဆောင်မှုပေးခြင်းများကို ဆွေးနွေးကြပါသည်။


