
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

(ရန်ကုန်၊ မတ်လ ၁၂)
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေအရ ဖွဲ့စည်းထားသည့် တစ်နေရာတည်း၌ တစ်စုတစ်စည်းတည်း အလုံးစုံ ဝန်ဆောင်မှုပေးသည့် ဌာနဆိုင်ရာ အဖွဲ့အစည်း(One Stop Service-OSS) က တာဝန်ခံအရာရှိများကို မတ်လ ၁၂ ရက်နေ့ နေ့လည်ပိုင်း၌ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးတွင် တွေ့ဆုံခဲ့ပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက အမှာစကားပြောကြားရာတွင် ရင်းနှီးမြှုပ်နှံသူများ လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်ရာတွင် အဆင်ပြေလွယ်ကူစေရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၏ လုပ်ထုံးလုပ်နည်းများ ပြေပြစ်သွက်လက်၍ ရိုးရှင်းလွယ်ကူ စေရေး ပြင်ဆင်ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခက်အခဲ အတားအဆီး များ စိစစ်လျှော့ချကာ၊ အွန်လိုင်းဝန်ဆောင်မှုများ တိုးမြှင့်ဆောင်ရွက်ရေးကို ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ခွင့်ပြုပြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ အဆင်ပြေ ချောမွေ့ စေရေး၊ ပွင့်လင်းမြင်သာမှု ပိုမိုအားကောင်းစေရေး၊ ရင်းနှီးမြှုပ်နှံမှု လွယ်ကူချောမွေ့စေရေး (Investment Facilitation)ကို အခြေပြု၍ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး (Investment Promotion) ကို ဦးတည်ဆောင်ရွက်ရေးနှင့် One Stop Service (OSS) ၏ အခန်းကဏ္ဍကို မြှင့်တင်ရေးတို့ကို ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်သဖြင့် ဝန်ထမ်းများအနေဖြင့် ပိုမိုကောင်းမွန်သည့် ဝန်ဆောင်မှုများ ပေးကြရန် အလေးထား မှာကြားခဲ့ပါသည်။
ဆက်လက်၍ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူး ဦးမျိုးခိုင်ဦးက လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို လည်းကောင်း၊ တက်ရောက်လာကြသည့် ဌာနဆိုင်ရာ ပူးပေါင်းလုပ်ငန်းအဖွဲ့မှ တာဝန်ခံ အရာရှိများက မိမိတို့ ကြုံတွေ့ရသည့် အခက်အခဲများကို လည်းကောင်း ရင်းနှီးပွင့်လင်းစွာ ရှင်းလင်း တင်ပြခဲ့ကြရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ရှင်းလင်းဆွေးနွေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြား ခဲ့ပါသည်။ ၎င်းနောက် ပြည်ထောင်စုဝန်ကြီးသည် ဌာနဆိုင်ရာ ပူးပေါင်းလုပ်ငန်းအဖွဲ့ (One Stop Service-OSS) ၌ လက်တွေ့လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ ပါသည်။
အစည်းအဝေးသို့ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ One Stop Service (OSS) တွင် တာဝန်ထမ်းဆောင်နေသည့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။


