
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ပဲခူးမြို့၊ ဧပြီလ ၂၃ ရက်
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်သည် ယနေ့ နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး ဦးစီးမှူးရုံးသို့ ရောက်ရှိခဲ့ပြီး ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့ပါသည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူး ဦးကိုကိုလတ် က ဝန်ထမ်းရေးရာနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များကို Power Point ဖြင့် ရှင်းလင်းတင်ပြ ပါသည်။
ထို့နောက် ညွှန်ကြားရေးမှူးချုပ်က ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ အရေးပါပုံနှင့် လက်ရှိ ရင်းနှီးမြှုပ်နှံသူများအပေါ် ကောင်းမွန်သည့်ဝန်ဆောင်မှုများ ပေးနိုင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်ကြရန် အလေးထား မှာကြားခဲ့ပါသည်။ ထို့အပြင် မိမိတို့တိုင်းဒေသကြီး၏ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး လုပ်ငန်းများကို တစ်ဦးကောင်း၊ တစ်ယောက်ကောင်းဖြင့် ဆောင်ရွက်၍မရဘဲ၊ ဝန်ထမ်းများအားလုံး စည်းလုံးညီညွတ်စွာ ကြိုးပမ်းဆောင်ရွက်ရန်လိုကြောင်း ထည့်သွင်းပြောကြားခဲ့ ပါသည်။
ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ်သည် ပဲခူးတိုင်းဒေသကြီး ဦးစီးမှူးရုံး၏ ဝန်ထမ်းအိမ်ရာများ အား သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်ချက်များအား လမ်းညွှန်မှာကြားခဲ့ပါသည်။ ထိုမှတစ်ဆင့် ညွှန်ကြားရေးမှူးချုပ်သည် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် ပဲခူးမြို့နယ်အတွင်း လုပ်ငန်းဆောင်ရွက်လျက်ရှိသော စက်ရုံ၊ အလုပ်ရုံများသို့ သွားရောက်ကြည့်ရှုပြီး စက်ရုံများ၏ လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ အခက်အခဲများကို ညှိနှိုင်းဖြေရှင်းဆောင် ရွက်ပေးခဲ့ ပါသည်။ #


