
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

(မန္တလေး၊ ဧပြီ ၁)
ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည်မြို့သာစက်မှုဇုန်တည်ဆောက်ရေးလုပ်ငန်းများနှင့် စက်မှုဇုန်အတွင်းရှိ စက်ရုံများ လုပ်ငန်းလည်ပတ်ဆောင်ရွက်နေမှုများကို ကြည့်ရှု့အားပေးရန်အတွက်ဧပြီလ၁ရက်နေ့ နံနက်ပိုင်း တွင် မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်အတွင်းရှိ မြို့သာစက်မှုဇုန် သို့ သွားရောက်ခဲ့ပါသည်။
မြို့သာစက်မှုဇုန်သို့ရောက်ရှိစဉ်မန္တလေးမြို့သာ စက်မှုဖွံ့ဖြိုးတိုးတက်ရေးအများပိုင်ကုမ္ပဏီလိမိတက် ဉက္ကဋ္ဌ၊ ဦးအောင်ဝင်းခိုင်နှင့် မန်နေးဂျင်းဒါရိုက်တာ ဒေါက်တာထွန်းထွန်းအောင် တို့က စက်မှုဇုန်စတင် တည်ထောင်ခဲ့သည့်အချိန်မှစ၍ လက်ရှိအချိန်အထိ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ပြည်ထောင်စုဝန်ကြီးအား ရှင်းလင်းတင်ပြခဲ့ပါသည်။ အဆိုပါရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက မြို့သာစက်မှုဇုန်သည် ကုန်းလမ်း ၊ ရေလမ်း ၊ လေကြောင်းလမ်းဆုံရာတွင်တည်ရှိခြင်း၊ မြန်မာနိုင်ငံ၏ အနာဂတ်ဖွံ့ဖြိုးမှုဝင်ရိုး (Growth Pole )တစ်ခုဖြစ်သည့် မန္တလေးတိုင်းဒေသကြီးအတွင်းတည်ရှိနေခြင်း စသည့်အားသာချက်များရှိပါကြောင်း၊ ဤစက်မှုဇုန်သည် မြန်မာပြည်အထက်ပိုင်းတွင် ရင်းနှီးတည်ဆောက်သူ(Developer)၏ ရင်းနှီးမြှုပ်နှံမှုဖြင့် စက်မှုဇုန်တစ်ခုတွင်ပါရှိရမည့်အခြေခံအဆောက်အအုံများ ပြည့်စုံအောင် တည်ဆောက်ထားသည့် စက်မှုဇုန်ဖြစ်ကာမြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ၂၀၁၂ခုနှစ်ကတည်းက ခွင့်ပြုမိန့်ထုတ်ပေးထားသည့် စက်မှုဇုန်ဖြစ်၍ ဤဇုံအတွင်းတွင်ရင်းနှီးမြှုပ်နှံမှုများကို ယုံကြည်စိတ်ချစွာဆောင်ရွက်နိုင်ပါကြောင်း ၊ လက်ရှိရင်းနှီးမြှုပ်နှံနေသူများလည်း အဆင်ပြေစွာရင်းနှီးမြှုပ်နှံနိုင်ကြောင်း သိရသဖြင့် လုပ်ငန်းများတိုးချဲ့ဆောင်ရွက်ရန် အားပေးလိုကြောင်း ၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့် မိမိတို့၏ဝန်ကြီးဌာနက လိုအပ်သည်များကူညီဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်မှုကို ချောမွေ့သွက်လက်စွာဆောင်ရွက်နိုင်ရေးအတွက်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏လမ်းညွှန်ချက်နှင့်အညီ လုပ်ထုံးလုပ်နည်းဆိုင်ရာ လိုအပ်သည့်ပြုပြင်ပြောင်းလဲမှုများဆောင်ရွက်နေပါကြောင်း၊ အထူးသဖြင့် လုပ်ငန်းများလည်ပတ်ဆောင်ရွက်နေကြသူများအနေဖြင့် အစိုးရဌာန/အဖွဲ့အစည်းများနှင့်ဆက်သွယ်ဆောင်ရွက်ရသည့်ကိစ္စများပိုမိုချောမွေ့စေအောင် ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ၊ ထိုနည်းတူ လုပ်ငန်းတိုးချဲ့ခြင်း ၊ လုပ်ငန်းသစ်ထူထောင်ခြင်းတို့နှင့်ပတ်သက်၍လည်း အဆင်ပြေချောမွေ့အောင်၊ မြန်ဆန်သွက်လက်စွာ ခွင့်ပြုပေးနိုင်အောင် မလိုအပ်သည့်လုပ်ငန်းအဆင့်များကိုလျှော့ချထားပြီးဖြစ်ပါကြောင်း၊ ၂၀၂၀ ပြည့်နှစ်တွင် COVID 19 ကြောင့်တစ်ကမ္ဘာလုံး ရင်းနှီးမြှုပ်နှံမှု ၄၂%ကျဆင်းခဲ့ပြီး ယခုနှစ်တွင်လည်း ထပ်မံ၍ ၅% မှ ၁၀ %အထိကျဆင်းနိုင်သည်ဟုခန့်မှန်းချက်များရှိပါကြောင်း၊စိန်ခေါ်မှုများရှိနေသော်လည်းမိမိတို့အနေဖြင့် ရင်းနှီးမြှုပ်နှံမှုဝန်းကျင်ကောင်းတစ်ခုဖြစ်စေရန်ကြိုးပမ်းဆောင်ရွက်လျှက်ရှိပါကြောင်း၊မြို့သာစက်မှုဇုန် အုပ်ချုပ်မှုအဖွဲ့အနေဖြင့် နိုင်ငံတွင်းနှင့် ပြည်ပတွင်ကျင်းပသည့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး အစီအစဉ်များတွင်အစိုးရနှင့်ပူးပေါင်းဆောင်ရွက်ခဲ့သည့်အတွေ့အကြုံများရှိပြီးဖြစ်ခြင်းကြောင့်ဇုန်အတွင်းရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာစေရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားစေလိုပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနကလိုအပ်သည်များ ပံ့ပိုးကူညီပေးမည်ဖြစ်ပါကြောင်း မှာကြားပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စက်မှုဇုန်အတွင်းရှိ Gold AYA Motors International Group Co., Ltd ၏ မော်တော်ယာဉ် တပ်ဆင်ထုတ်လုပ်ခြင်းလုပ်ငန်း၊JapfaComfeed Myanmar Pte., Ltd ၏ မျိုးခြံနှင့် သားပေါက် ထုတ်လုပ်ရောင်းချြခင်းလုပ်ငန်း၊ Mandalay BaoshanMyotha Industrial Development Co., Ltd ၏ Construction and Leasing warehouse and standard factory လုပ်ငန်းများ၏ လုပ်ငန်းလည်ပတ်ဆောင်ရွက်မှု အခြေအနေများကို ကြည့်ရှု့အားပေးခဲ့ပါသည်။
အဆိုပါခရီးစဉ်အတွင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန နှင့် မန္တလေးတိုင်းဒေသကြီး၊ ရင်းနှီးမြှုပ်နှံမှုကော်မတီမှတာဝန်ရှိပုဂ္ဂိုလ်များပါဝင်တက်ရောက် ကြပါသည်။


