
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

(၂၀၂၂ခုနှစ်၊အောက်တိုဘာလ၂၁ရက်၊နေပြည်တော်)
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၄/၂၀၂၂) ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ရုံးအမှတ်၁၈၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။အဆိုပါအစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းနှင့် ကော်မရှင်အဖွဲ့ဝင်များ တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးတွင် ဆောင်ရွက်ဆဲရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၁၁) ခု၏ မတည်ငွေရင်းတိုးမြှင့်ခြင်းအပါအဝင် လျှပ်စစ်ကဏ္ဍ၊ စက်မှုကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ၊ဝန်ဆောင်မှုကဏ္ဍနှင့် အိမ်ရာအဆောက်အဦကဏ္ဍတို့မှ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ် (၁၃) ခုကို ခွင့်ပြုပေးခဲ့ပါသည်။ အဆိုပါလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ (၁၉၈.၀၁၇) သန်းနှင့် ကျပ်(၁၆၇,၃၆၆.၃၉၉) သန်းဖြစ်ပြီး ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်းပေါင်း (၅,၆၈၅) ခုကို ဖန်တီးပေးနိုင်မည်ဖြစ်ပါသည်။ ယနေ့အစည်းအဝေးက ခွင့်ပြုခဲ့သော လုပ်ငန်းများတွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အမျိုးအစား လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းလုပ်ငန်းများလည်း ပါဝင်ပါသည်။
၂၀၂၂ ခုနှစ် စက်တင်ဘာလကုန်အထိ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံ/ ဒေသပေါင်း ၅၂ ခုအနက် ရင်းနှီးမြှုပ်နှံမှုအများဆုံးပြုလုပ်သော နိုင်ငံ/ဒေသများမှာ စင်ကာပူနိုင်ငံ၊ တရုတ် နိုင်ငံနှင့် ထိုင်းနိုင်ငံတို့ဖြစ်ပြီး စီးပွားရေးကဏ္ဍ ၁၂ ခုအနက် အများဆုံးရင်းနှီးမြှုပ်နှံထားသည့် ကဏ္ဍများမှာ လျှပ်စစ်ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၈.၂၁ရာခိုင်နှုန်းဖြင့်လည်းကောင်း၊ရေနံနှင့် သဘာဝဓါတ်ငွေ့ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၄.၆၇ ရာခိုင်နှုန်းဖြင့်လည်းကောင်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၁၄.၃၂ ရာခိုင်နှုန်းဖြင့်လည်းကောင်း ရင်းနှီးမြှုပ်နှံထားပါသည်။
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သည် ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံသူများက တင်ပြလာသည့် ရင်းနှီးမြှုပ်နှံမှုအဆိုပြုလွှာများအား စိစစ်ခွင့်ပြုခြင်းကိုလည်းကောင်း၊ လက်ရှိရင်းနှီးမြှုပ်နှံသူ များအတွက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာဝန်ဆောင်မှုများကိုလည်းကောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိပါသည်။
