
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနနှင့် နေပြည်တော်ရင်းနှီးမြုပ်နှံမှု လုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့တို့၏ ပူးပေါင်းစီစဉ်မှုဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထွန်းအုံ၊ နေပြည်တော်ကောင်စီ အဖွဲ့ဝင် ဦးဇေယျာလင်းတို့သည် နေပြည်တော် ရင်းနှီးမြုပ်နှံမှုကြီးကြပ်ရေးအဖွဲ့ဝင်များနှင့်အတူ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်နေ့တွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများသို့ သွားရောက်ကြည့်ရှုအားပေး ခဲ့ပါသည်။
ထိုသို့သွားရောက်စဉ် သက်ဆိုင်ရာကုမ္ပဏီများ၏ တာဝန်ရှိသူများက တန်ဖိုးမြှင့်ထုတ်ကုန် များအား ပြည်ပ ဈေးကွက်သို့ တင်ပို့ရောင်းချနေမှု အခြေအနေ၊ စိုက်ပျိုးမြေလိုအပ်မှုအခြေအနေ၊ စက်ရုံတည်ဆောက် ပြီးစီးမှုနှင့် စီးပွားဖြစ်စတင်ရန် စီစဉ်ဆောင်ရွက်နေမှု အခြေအနေများ၊ တွေ့ကြုံရသည့် အခက် အခဲနှင့် လိုအပ်ချက်များ၊ အလုပ်အကိုင်ဖန်တီးပေးနေမှု အခြေအနေများကို အသီးသီး ရှင်းလင်း တင်ပြခဲ့ကြပါသည်။
ဒုတိယဝန်ကြီးများနှင့် နေပြည်တော်ကောင်စီအဖွဲ့ဝင်တို့က ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ အဆင်ပြေချောမွေ့စွာလည်ပတ်ဆောင်ရွက်နိုင်ရေးနှင့် လုပ်ငန်းများဆက်လက်တိုးချဲ့ ဆောင်ရွက် နိုင်ရေးအတွက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် နေပြည်တော်ကောင်စီတို့က ကူညီပံ့ပိုး ဆောင်ရွက် ပေးမည့် အစီအစဉ်များကိုလည်းကောင်း၊ တွေ့ကြုံရသည့် အခက်အခဲများအပေါ် ဆက်လက် ညှိနှိုင်းဆောင်ရွက်ပေးမည့် အစီအစဉ်များကိုလည်းကောင်း၊ Contract Farming စနစ် ပိုမို အားကောင်းလာစေရေး၊ ကုန်ကြမ်းလုံလောက်မှုရှိစေရေး အမှန်တကယ်လိုအပ်သည် စိုက်ပျိုးမြေ ရရှိရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ တိုးချဲ့မြှင့်တင်ရေးနှင့် လုပ်သားများ၏ ကျွမ်းကျင်မှုဆိုင်ရာ မြှင့်တင်ရေးတို့နှင့် စပ်လျဉ်း၍လည်းကောင်း အကြံပြုဆွေးနွေးပေါင်းစပ်ညှိနှိုင်းပေးကာ စက်ရုံများ အတွင်း လှည့်လည် ကြည့်ရှုအားပေးခဲ့ပါသည်။

