
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

နေပြည်တော်ကောင်စီ၏ ဦးဆောင်မှုဖြင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း ရင်းနှီးမြှုပ်နှံမှု များ တိုးမြှင့်လာစေရန်၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို လုပ်ငန်းရှင်များ သိရှိနားလည်စေရန်၊ သက်ဆိုင်ရာဌာန၊ အဖွဲ့ အစည်းများနှင့် ပုဂ္ဂလိကစီးပွားရေး လုပ်ငန်းရှင်များအကြား ပူးပေါင်းဆောင်ရွက်မှု ပိုမို အားကောင်းလာစေရန် ရည်ရွယ်၍ တွေ့ဆုံ ရှင်းလင်းခြင်း အခမ်းအနားကို ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်နေ့တွင် ဒက္ခိဏသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့ပါ သည်။
တွေ့ဆုံပွဲသို့ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ နေပြည်တော်ကောင်စီ အဖွဲ့ဝင် များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် စီးပွားရေးလုပ်ငန်းရှင်များ စုစုပေါင်း ၁၆၀ ဦးခန့် တက်ရောက်ခဲ့ကြပါသည်။
အဆိုပါတွေ့ဆုံပွဲတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က အဖွင့်အမှာ စကား ပြောကြားပါသည်။ ဆက်လက်၍ နေပြည်တော် စိုက်ပျိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဝင်းထိန်က စိုက်ပျိုးရေးအခြေခံစက်မှုလုပ်ငန်းများ ယခုထက်ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးနှင့်စပ်လျဉ်း၍ လည်းကောင်း၊ နေပြည်တော်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါက်တာစံထွန်းဝေက တိရစ္ဆာန်ထွက် ပစ္စည်းတန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်နိုင်ရေးနှင့်စပ်လျဉ်း၍ လည်းကောင်း၊ နေပြည်တော် စားသုံးသူ ရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဇော်လွင်က စားသုံးသူအကာအကွယ်ပေးရေးဥပဒေနှင့် စပ်လျဉ်း၍ လည်းကောင်း၊ နေပြည်တော် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဟိန်းဇော်က ဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ လည်းကောင်း အသီးသီး ရှင်းလင်း ဆွေးနွေးခဲ့ကြပါသည်။
ဆက်လက်၍ နေပြည်တော် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဉီးစီးဌာန ညွှန်ကြား ရေးမှူး ဒေါ်ယဉ်ယဉ်နွယ်က ရင်းနှီးမြှုပ်နှံမှုဆိုင်ရာမူဝါဒများနှင့် နေပြည်တော်ကောင်စီ နယ်မြေအတွင်း ရင်းနှီး မြှုပ်နှံနိုင်မည့် အခွင့်အလမ်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ပြီး ရင်းနှီးမြှုပ်နှံမှု လွယ်ကူချောမွေ့ စေရေးနှင့် စီးပွားရေးဝန်းကျင်ကောင်း ဖန်တီးပုံဖော်ရာတွင် အဓိကကျသည့် အွန်လိုင်းဝန်ဆောင်မှုများ ဖြစ်သည့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အီလက်ထရောနစ် တွေ့ဆုံဆွေးနွေးခြင်း ဝန်ဆောင်မှု (DICA Online Solution-DOSo) စနစ် သရုပ်ဖော် ဗီဒီယိုနှင့် အီလက်ထရောနစ် ကုမ္ပဏီမှတ်ပုံတင်စနစ် (Myanmar Companies Online-MyCO)၏ ဗီဒီယိုများကို ပြသခဲ့ပါသည်။

