
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ၂၀၂၂ခုနှစ်၊ ဇူလိုင်လ ၈ ရက်နေ့ နေ့လယ်ပိုင်းက ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်အတွင်းရှိ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် ဆောင်ရွက်လျှက် ရှိသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းဖြစ်သော Panko Bago Co.,Ltd ၏ CMP စနစ်ဖြင့် အဝတ်အထည် အမျိုးမျိုးထုတ်လုပ်ခြင်းလုပ်ငန်းသို့ ရောက်ရှိခဲ့ပါသည်။
အဆိုပါ ကုမ္ပဏီ၏ General Director ဖြစ်သူ Mr. Chae Sung Jong နှင့် Director ဖြစ်သူ Mr. Kyung Jung Kim တို့က ပဲခူးစက်မှုဇုန်တွင် အထည်ချုပ်လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ အပိုင်းလိုက် တိုးချဲ့ဆောင်ရွက်သွားမည့် အခြေအနေများကိုလည်းကောင်း၊ အပိုင်းလိုက် လုပ်ငန်းများအနက် အပိုင်း (၁) လုပ်ငန်းပြီးစီး၍ လုပ်သားအင်အား ၂၅၀၀ ခန့် ဖြင့် အထည်ချုပ်လုပ်ငန်းများ ဆောင်ရွက်မှု အခြေအနေ၊ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလတွင် အပိုင်း (၂) တည်ဆောက်မှုလုပ်ငန်းများ ပြီးစီး၍ လုပ်သားအင်အား ၅၀၀၀ ဖြင့် လုပ်ငန်းများ ဆက်လက် ဆောင်ရွက်မည့် အခြေအနေ၊ ကျန်ရှိသည့် အပိုင်းများအား ၂၀၂၄ ခုနှစ်အပြီး ဆက်လက် ဆောင်ရွက်သွားမည့် အခြေအနေနှင့် အဆိုပါ အပိုင်းများ ပြီးစီးသွားပါက စုစုပေါင်း လုပ်သား ၁၂၀၀၀ အထိ ခန့်ထား၍ လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်သွားမည့် အစီအစဉ်များကို ရှင်းလင်း တင်ပြပါသည်။ ဆက်လက်၍ အဆိုပါ စက်ရုံအနေဖြင့် အထည်ချုပ်လုပ်ငန်းများအတွက် လက်ရှိ အခြေအနေတွင် ပြည်ပမှ ကုန်ကြမ်းများ ရာနှုန်းပြည့် တင်သွင်းဆောင်ရွက်နေရာမှ ၂၀၂၄ ခုနှစ်မှ စတင်၍ အဆိုပါ စက်ရုံ၏ ကိုယ်ပိုင်ထုတ်လုပ်မှုဖြင့် လိုအပ်သည့် ပိတ်စများကို ပြည်ပမှ တင်သွင်းခြင်း မပြုတော့ဘဲ ပြည်တွင်း၌ပင် ဆက်လက် ထုတ်လုပ်သွားမည့် အစီအစဉ်များကို လည်းကောင်း၊ ဈေးကွက်တိုးချဲ့ ဆောင်ရွက်မည့် အစီအစဉ်များကိုလည်းကောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲနှင့် လိုအပ်ချက်များကိုလည်းကောင်း ရှင်းလင်း တင်ပြပါသည်။
ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းများ ဆက်လက်တိုးချဲ့ ဆောင်ရွက်နိုင်ရေးတွက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန တို့က ကူညီပံ့ပိုးဆောင်ရွက်ပေးမည့် အစီအစဉ်များကိုလည်းကောင်း၊ အလုပ်အကိုင် အခွင့်အလမ်းများ တိုးချဲ့မြှင့်တင်ရေးနှင့် လုပ်သားများ၏ ကျွမ်းကျင်မှုဆိုင်ရာ မြှင့်တင်ရေးတို့နှင့် စပ်လျဉ်း၍ လည်းကောင်း၊ လုပ်သားများ၏ သက်သာချောင်ချိရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ လည်းကောင်း အကြံပြုဆွေးနွေး ပေါင်းစပ်ညှိနှိုင်းပေးကာ စက်ရုံဝင်းအတွင်း လှည့်လည်ကြည့်ရှု အားပေးခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးသည် ၂၀၂၂ခုနှစ်၊ ဇူလိုင်လ ၉ ရက်နေ့ နံနက်ပိုင်းတွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် ဆောင်ရွက်လျှက်ရှိသော ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်ရှိ Myanmar Pou Chen Co.,Ltd ၏ CMP စနစ်ဖြင့် ဖိနပ်အမျိုးမျိုးနှင့် ဖိနပ်အစိတ်အပိုင်းအမျိုးမျိုး ထုတ်လုပ်ခြင်းလုပ်ငန်းသို့ ကြည့်ရှုအားပေးခဲ့ရာ ကုမ္ပဏီ၏ ဒါရိုက်တာဖြစ်သူနှင့် မန်နေဂျာများက အဆိုပါ စက်ရုံအား ၂၀၁၅ ခုနှစ်တွင် စတင် ဖွင့်လှစ်ချိန်မှစ၍ လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများ၊ အားကစားဖိနပ် မျိုးစုံကို တစ်နှစ်လျှင် ဖိနပ်အရံ ၅ သန်းကျော်ထုတ်လုပ်၍ ပြည်ပသို့ တင်ပို့နေမှု အခြေနေများကို တင်ပြပါသည်။ ဆက်လက်၍ အဆိုပါ စက်ရုံတွင် လုပ်သားအင်အား ၇၀၀၀ အထိ တိုးချဲ့ခန့်အပ်၍ လုပ်ငန်းများ မြှင့်တင်ဆောင်ရွက်နေမှု အခြေအနေများ၊ စက်ရုံလုပ်သားများ သက်သာချောင်ချိရေးအတွက် ဆောင်ရွက်ပေးနေသည့် အစီအစဉ်များ၊ အလုပ်သမားရေးရာ ဆိုင်ရာ ကိစ္စများ၊ ကုန်ကြမ်းပစ္စည်းများ တင်သွင်းရာတွင် တွေ့ကြုံနေရသည့် အခက်အခဲများနှင့် ဆက်လက် ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု တိုးချဲ့ဆောင်ရွက်ရေးနှင့် စပ်လျဉ်း၍ လည်းကောင်း၊ လုပ်သားတစ်ဦးချင်း ကျွမ်းကျင်မှု မြှင့်တင်နိုင်ရေးနှင့် အလုပ်အကိုင်အခွင့် အလမ်းများ ပိုမိုဖန်တီး ဖော်ဆောင်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍လည်းကောင်း၊ ပေါ်ပေါက်နေသော အခက်အခဲများအပေါ် ဆက်လက်ညှိနှိုင်းဆောင်ရွက်ပေးမည့် အစီအစဉ်များ ကိုလည်းကောင်း ဆွေးနွေးခဲ့ပြီး စက်ရုံအတွင်း လုပ်ငန်းဆောင်ရွက်နေမှုများနှင့် လုပ်သားများ စားသောက်ရေးနှင့် သက်သာချောင်ချိရေးဆိုင်ရာကိစ္စများ ဆောင်ရွက်ထားရှိမှု အခြေအနေများကို လှည့်လည် ကြည့်ရှု အားပေးခဲ့ပါသည်။
