
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

မွန်ပြည်နယ်လွှတ်တော်၏ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးဆိုင်ရာ ကိစ္စရပ်များ လေ့လာ သုံးသပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကျော်သူ ဦးဆောင်သော ကော်မတီအဖွဲ့ဝင်များသည် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ဆောင်ရွက်နေသော လုပ်ထုံးလုပ်နည်းအဆင့်ဆင့်အား လေ့လာရန်အတွက် ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့တွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်ရုံး၊ ရန်ကုန်မြို့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် တွဲဖက်အတွင်းရေးမှူး ဒေါ်မြသူဇာ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်၊ ညွှန်ကြားရေးမှူးများနှင့် မွန်ပြည်နယ်လွှတ်တော်၏ဘဏ္ဍာရေး၊ စီမံကိန်းနှင့်စီးပွားရေးဆိုင်ရာ ကိစ္စရပ်များ လေ့လာ သုံးသပ်ရေးကော်မတီဥက္ကဋ္ဌနှင့် ကော်မတီအဖွဲ့ဝင်များ စုစုပေါင်း (၂၀) ဦးတက်ရောက်ခဲ့ကြပါသည်။
ဆွေးနွေးပွဲတွင် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်က မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ၊ နည်းဥပဒေများနှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ လုပ်ငန်းဆောင်ရွက်ပုံ အဆင့်ဆင့်ကိုလည်းကောင်း၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က အဆိုပြုချက်စိစစ်ရေးအဖွဲ့၏ လုပ်ထုံးလုပ်နည်းများကို လည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
