
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

(ရန်ကုန်၊ ဒီဇင်ဘာ ၅ )
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင် နိုင်ဦးသည် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၌ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် သွင်းကုန်အစားထိုး ဘက်ထရီအမျိုးမျိုးနှင့် ဆက်စပ်ပစ္စည်းများ ထုတ်လုပ်ရောင်းချသည့် Proven Polyworld Company ၏ စက်ရုံ လုပ်ငန်းခွင်သို့ ယနေ့မနက်ပိုင်းတွင် သွားရောက်ကြည့်ရှု အားပေးခဲ့ပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ကို ကုမ္ပဏီ၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးသန်းထိုက်လွင် နှင့် စက်ရုံမှူးတို့က လုပ်ငန်းလည်ပတ်နေမှု အခြေအနေများ၊ ဘက်ထရီအိုးနှင့် ဆက်စပ်ပစ္စည်းများ အား နိုင်ငံတကာစံနှုန်းများနှင့်အညီ ထုတ်လုပ်နိုင်မှုအခြေအနေများ၊ ပြည်တွင်း၌ ကုန်ကြမ်း ဝယ်ယူရရှိနိုင်မှုအခြေအနေများ၊ ဘက်ထရီနှင့် ဆက်စပ်ပစ္စည်းများကို ပြည်တွင်း ဈေးကွက် သာမက ပြည်ပအိမ်နီးချင်းနိုင်ငံများအထိ ဖြန့်ဖြူးရောင်းချနိုင်မှုအခြေအနေများ၊ တွေ့ကြုံနေရသည့် အခက်အခဲများနှင့် ရင်းနှီးမြှုပ်နှံမှုတိုးချဲ့ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးတင်ပြကြပါ သည်။
ဆွေးနွေးတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းဆိုင်ရာများ ပေါင်းစပ် ညှိနှိုင်းပေးခဲ့ပြီး လုပ်ငန်းတိုးချဲ့ဆောင်ရွက်နိုင်ရေး၊ ထုတ်လုပ်မှုလုပ်ငန်းစဉ်များကို နည်းပညာတိုးမြှင့်၍ ဆောင်ရွက်နိုင်ရေး၊ ဈေးကွက်ပိုမိုချဲ့ထွင်နိုင်ရေးနှင့် သွင်းကုန်အစားထိုးထုတ်လုပ်မှု မြှင့်တင် နိုင်ရေး၊ အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်ရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆက်လက် ကူညီဆောင်ရွက်ပေးနိုင်မည့် အခြေအနေများကို ဆွေးနွေးခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စက်ရုံအတွင်း ဘက်ထရီအိုးများထုတ်လုပ် နေမှု အခြေအနေကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပါသည်။
အဆိုပါလုပ်ငန်းသည် ပြည်တွင်းမှ ကုန်ကြမ်းများကို အဓိကအသုံးပြုကာ တစ်နေရာတည်း၌ ဘက်ထရီအမျိုးမျိုးနှင့် ဆက်စပ်ပစ္စည်းများကို ထုတ်လုပ်ကာ နိုင်ငံတကာအဆင့်မီ Toyo အမှတ် တံဆိပ် မော်တော်ယာဉ်သုံး ဘက်ထရီများအား ပြည်တွင်းသာမက ပြည်ပအထိ တင်ပို့ရောင်းချနေ သည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်း သိရှိရပါသည်။