
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနသို့ နည်းပညာဆိုင်ရာအကူအညီများ ပေးလျက်ရှိသော ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာမိတ်ဖက်အဖွဲ့အစည်းများမှ အကူအညီအထောက် အပံ့ ပေးရာတွင် ပိုမိုထိရောက်စေရန်နှင့် ဌာန၏ လိုအပ်ချက်များနှင့် ညီညွတ်မှုရှိစေရန် ရည်ရွယ်လျက် ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁၇ ရက်နေ့၊ နံနက် ၁၀း ၀၀ နာရီချိန်တွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (ရုံးချုပ်) ၌ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ မိတ်ဖက် အဖွဲ့အစည်းများနှင့် ညှိနှိုင်းအစည်းအဝေးတစ်ရပ် ပြုလုပ်ကျင်းပခဲ့ပါ သည်။
အဆိုပါအစည်းအဝေးသို့ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်နှင့် ညွှန်ကြားရေးမှူးများအပါအဝင် မြန်မာနိုင်ငံ၏ စီးပွားရေးဝန်းကျင် တိုးတက်စေရန်နှင့် ဝန်ထမ်းများ၏ စွမ်းဆောင်ရည် တိုးတက်စေရန် အတွက် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိကြသော ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာမိတ်ဖက်အဖွဲ့အစည်းများ ဖြစ်ကြသည့် AMCHAM Myanmar၊ ADB၊ GIZ၊ IFC၊ JICA၊ UNDP၊ British Chamber of Commerce Myanmar၊ The DaNa Facility၊ မြန်မာနိုင်ငံရှိ အမေရိကန်သံရုံး၊ ဗြိတိန်သံရုံးနှင့် သြစတြေးလျ သံရုံးတို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်မှာ ဆွေးနွေးပွဲ၏ ရည်ရွယ်ချက်နှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ပြီး ညွှန်ကြားရေးမှူး ဦးမင်းဇော်ဦးက ဌာန၏စွမ်းဆောင်ရည်ဆိုင်ရာ ရည်မှန်းချက်နှင့် နည်းပညာအကူအညီ အထောက် အပံ့လိုအပ်ချက်များအကြောင်းအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ တက်ရောက်လာသည့် ကိုယ်စားလှယ်များက လက်ရှိဆောင်ရွက် နေမှုအခြေအနေများနှင့် ဆက်လက်ပေးအပ်မည့် နည်းပညာအကူ အညီများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။
