
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ထားဝယ်၊ မတ်လ ၃၀ ရက်
တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များ၊ ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်လိုသူများ နှင့် ကုမ္ပဏီဖွဲ့စည်းတည်ထောင်လိုသူများအနေဖြင့် မိမိတို့ဆောင်ရွက်လိုသည်များကို လျင်မြန်လွယ်ကူစွာ ဖြင့် ဆောင်ရွက်နိုင်ရန်နှင့် တနင်္သာရီတိုင်းဒေသကြီး၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ဖြစ်စေရန်အတွက် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး ဦးစီးမှူးရုံးဖွင့်လှစ်ပွဲ အခမ်းအနားကို ၂၀၁၆ ခုနှစ်၊ မတ်လ (၃၀) ရက်နေ့ နံနက်ပိုင်းတွင် ထားဝယ်မြို့ အမှတ်(၅၄၂)၊ ဆေးရုံလမ်း၊ မြောက်ရွာ ရပ်ကွက်ရှိ အဆိုပါရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
ဖွင့်ပွဲအခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကိုနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဝန်ကြီးများ၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံဖြိုးတိုးတက်မှုဝန်ကြီးဌာန ၊ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းအဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ တိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းမှ ဗဟို အလုပ်အမှုဆောင်များ၊ မြို့မိမြို့ဖများနှင့် စီးပွားရေး လုပ်ငန်းရှင်များ စုစုပေါင်း (၁၀၀) ဦးခန့် တက်ရောက်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် တိုင်းဒေသကြီးဦးစီးမှူးရုံးအား တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးဌာန၊ ဝန်ကြီးဦးသိန်းလွင်နှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကိုမှ ရုံးဆိုင်းဘုတ်အား စက်ခလုပ်နှိပ် ဖွင့်လှစ်ပေးခဲ့သည်။ ထိုနောက် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာသည့် ဧည့်သည်တော်များက ရုံးခန်းအတွင်း လှည့်လည်ကြည့်ရှု ကြသည်။
ဆက်လက်၍ ဖွင့်ပွဲအခမ်းအနား ဒုတိယအပိုင်းအား ထားဝယ်မြို့ Diamond Crown Hotel ခန်းမတွင် ဆက်လက်ကျင်းပရာ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကိုမှ အဖွင့်အမှာစကား ပြောကြားသည်။ဆက်လက်၍ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံဖြိုးတိုးတက်မှု ဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးမှ အမှာစကား ပြောကြားသည်။ ထို့နောက် တနင်္သာရီတိုင်းဒေသကြီး ဦးစီးမှူးရုံးတွင် ပထမဦးဆုံး ကုမ္ပဏီ မှတ်ပုံတင်သည့် Andaman Princess Company နှင့် Mr.Friday Company တို့အား ဝန်ကြီးချုပ်ဦးမြတ်ကိုမှ ကုမ္ပဏီမှတ်ပုံတင် လက်မှတ်များ ချီးမြှင့်ခဲ့ပါသည်။



