
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

(ရန်ကုန်၊ ဇွန် ၂၄)
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးအောင်နိုင်ဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူ များသည် ရန်ကုန်တိုင်းဒေသကြီးအတွင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် နိုင်ငံတကာအဆင့်မီ ဆေးဝါးထုတ်လုပ်ခြင်းလုပ်ငန်း လုပ်ကိုင်နေသည့် လုပ်ငန်းစက်ရုံများသို့ သွားရောက်ကြည့်ရှုအားပေးခဲ့ပါသည်။
ထိုသို့သွားရောက်ကြည့်ရှုရာတွင် စက်ရုံများမှ တာဝန်ရှိသူများက စက်ရုံလုပ်ငန်းလည် ပတ်နေသည့် အခြေအနေများ၊ လုပ်ငန်းဆောင်ရွက်ရာတွင် တွေ့ကြုံနေရသည့် အခက်အခဲများ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးတင်ပြကြပါသည်။ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို အားပေးရန်နှင့် အခက်အခဲများကို လိုအပ်သည့် အကူအညီများပေးရန် လာရောက်ခြင်းဖြစ်ပါကြောင်းနှင့် ကုန်ထုတ်လုပ်မှု မြှင့်တင်ရေး၊ သွင်းကုန်အစားထိုး အရည်အသွေးမြင့် ဆေးဝါးအမျိုးအစားများ ထပ်မံတိုးချဲ့ ထုတ်လုပ်နိုင်ရေး၊ သုတေသနဆိုင်ရာ လုပ်ငန်းများ ပိုမိုကျယ်ပြန့်စွာ လုပ်ကိုင်နိုင်ရေး၊ ဝန်ထမ်းများကို စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းများ ပို့ချနိုင်ရေး၊ ဈေးကွက်ချဲ့ထွင်နိုင်ရေး တို့ကို ဆွေးနွေး ပြောကြားခဲ့ပြီး အခက်အခဲများကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပါသည်။
နေ့လယ်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မြန်မာ့အထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာပွင့်ဆန်းနှင့်အတူ ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် သီလဝါအထူးစီးပွားရေးဇုန်သို့ သွားရောက်၍ သီလဝါအထူးစီးပွားရေးဇုန်အတွင်း လုပ်ငန်း လည်ပတ်မှုအခြေအနေများကို ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိပါသည်။

