
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations
POSTED ON 07 JUNE 2021

(ပဲခူး၊ ဇွန် ၇ )
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး/ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ ဒုတိယဥက္ကဋ္ဌ ဦးအောင်နိုင်ဦးသည် ပဲခူးတိုင်းဒေသကြီး၊ စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီအဖွဲ့ဝင်များကို ယနေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ၌တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာ၌ ပြည်ထောင်စုဝန်ကြီးက တိုင်းဒေသကြီးအတွင်းရှိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ လွယ်ကူလျင်မြန် အဆင်ပြေချောမွေ့စေရေး၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ၊ နည်းဥပဒေ၊လုပ်ထုံးလုပ်နည်းများနှင့်အညီဖြစ်စေရေး၊ ခွင့်ပြုပြီးလုပ်ငန်းများကိုလည်း ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ကြပ်မတ်ဆောင်ရွက်ရေး၊ နိုင်ငံသားကုန်ထုတ်လုပ်ငန်းများ၊ ဝန်ဆောင်မှုလုပ်ငန်းများ လွယ်ကူချောမွေ့စွာ ဆောင်ရွက်နိုင်ရေးနှင့် ရင်းနှီးမြှုပ်နှံသူများအတွက် အထောက်အကူပြုစေမည့် ရင်းနှီးမြှုပ်နှံမှုဝန်းကျင်တစ်ရပ် ဖြစ်ပေါ်လာစေရေးကိစ္စများကို ဆွေးနွေးပြောကြားပါသည်။


ထို့နောက် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ/ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ ဉီးမျိုးဆွေဝင်းက တိုင်းဒေသကြီးအတွင်းရှိ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စများနှင့် ပတ်သက်၍ ရှေ့ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကိုလည်းကောင်း၊ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးအတွက် ဆောင်ရွက်သွားမည့်ကိစ္စများကိုလည်းကောင်း ဆွေးနွေးပြောကြားပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဌာနဆိုင်ရာစုပေါင်းရုံးရှိ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဉီးစီးဌာန၊ တိုင်းဒေသကြီးဉီးစီးမှူးရုံးသို့ သွားရောက်၍ ရုံးလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဝန်ထမ်းများနှင့် ရင်းနှီးပွင့်လင်းစွာတွေ့ဆုံကာ အခက်အခဲများကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။
နေ့လယ်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုချက်ဖြင့် ဆောင်ရွက်လျက်ရှိသည့် ပဲခူးပြည်တွင်း/ ပြည်ပစက်မှုနယ်မြေအတွင်းရှိ ရာနှုန်းပြည့်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက်လျက်ရှိသော Karisma Apparel (Myanmar) Co., Ltd ၏ CMP စနစ်ဖြင့် စက်ထိုးထည်ထုတ်လုပ်ခြင်းလုပ်ငန်းနှင့် Bellmart (Myanmar) Co., Ltd ၏ CMP စနစ်ဖြင့် Sleeping Bag ချုပ်လုပ်ခြင်းလုပ်ငန်းများသို့လည်းကောင်း၊ ဘောနတ်ကြီးကျေးရွာအုပ်စုရှိ ဖက်စပ်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက်လျက်ရှိသော i-Land Park Myanmar Limited ၏ စက်မှုဉယျာဉ်မြို့တော်တည်ထောင်ခြင်းလုပ်ငန်းသို့လည်းကောင်း သွားရောက်ကြည့်ရှုအားပေးခဲ့ရာ ကုမ္ပဏီအသီးသီးတို့၏ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့် လက်ရှိဖြစ်ပေါ်နေသော အခက်အခဲများကို ရှင်းလင်းတင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဖြေရှင်းပေးခဲ့ပါသည်။

