
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

(၃၅) ကြိမ်မြောက် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှု စာရင်းအင်းဆိုင်ရာ အာဆီယံနိုင်ငံများ လုပ်ငန်းအဖွဲ့ အစည်းအဝေး (Working Group on International Investment Statistics Meetings – WGIIS) ကို အာဆီယံအတွင်းရေးမှူးချုပ်ရုံး၊ စာရင်းအင်းဌာနမှ ဦးဆောင်၍ Video Conferencing စနစ်ဖြင့် ၂၀၂၁ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့ မနက် ၈း၃၀ အချိန်တွင် ကျင်းပခဲ့ရာ အဆိုပါအစည်းအဝေးသို့ မြန်မာနိုင်ငံကိုယ်စား ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကျော်ဝင်းထွန်း ဦးဆောင်တက်ရောက်ခဲ့ပြီး၊ ဌာနမှ ဘာသာရပ်ဆိုင်ရာ အရာထမ်းများနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ နိုင်ငံခြားသုံးစီမံခန့်ခွဲမှုဌာနမှ ဘာသာရပ်ဆိုင်ရာ အရာထမ်းများ တက်ရောက်ခဲ့ကြပါသည်။ ထို့ပြင် အစည်းအဝေးသို့ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ အရာထမ်းများ၊ အခြားအာဆီယံအဖွဲ့ဝင်များမှ စုစုပေါင်း ကိုယ်စားလှယ် (၄၅) ဦး တက်ရောက်ခဲ့ကြပါသည်။
အဆိုပါ အစည်းအဝေးအား ၂၀၂၁ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့မှ ၂၈ ရက်နေ့အထိ ကျင်းပမည်ဖြစ်ပြီး၊ ၂၀၁၆-၂၀၂၅ WGIIS လုပ်ငန်း စီမံချက်အပေါ် ပြန်လည်လေ့လာဆန်းစစ်ရန်၊ လက်ရှိအဖွဲ့ဝင်နိုင်ငံများ၌ FDIS စာရင်းကောက်ယူမှု အခြေအနေများအပေါ် ဆွေးနွေးနိုင်ရန်၊ ASEAN-Help-ASEAN Framework အရ နည်းပညာ အကူအညီပေးအကောင်အထည်ဖော်မည့် အခြေအနေများအပေါ် ဆွေးနွေးရန်၊ Balance of Payment Manual ၏ နောက်ဆုံး ဖြစ်ပေါ် တိုးတက်မှုများအပေါ် ဆွေးနွေးရန်၊ FDIS နှင့် ပတ်သက်သော စွမ်းဆောင်ရည်ဖွံ့ဖြိုး တိုးတက်စေရေးအပေါ် ဆောင်ရွက်မည့်ကိစ္စများနှင့် EU-ARISE PLUS Project အရ နည်းပညာ အကူအညီ အထောက်အပံ့ပေးမည့် အခြေအနေများအပေါ် ညှိနှိုင်းဆွေးနွေးနိုင်ရေး ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပါသည်။
အဆိုပါအစည်းအဝေး တက်ရောက်ခြင်းအားဖြင့် မြန်မာနိုင်ငံမှ လက်ရှိ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမှန်ဝင်ရောက်မှု (FDI Inward Flow and Position) စာရင်းပြုစုခြင်းအတွက် အခြားနိုင်ငံများ၏ အတွေ့အကြုံများကို အခြေခံကာ ဆက်လက်ဖွံ့ဖြိုး တိုးတက်အောင်ဆောင်ရွက်နိုင်ခြင်းနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဌာနမှ ဆက်လက် အကောင်အထည်ဖော်ရန်ရှိသည့် FDI Outward Position and Flow စာရင်းပြုစုရန်အတွက် နည်းပညာ အကူအညီများ ရရှိခဲ့ခြင်းအားဖြင့် ရင်းနှီးမြှုပ်နှံမှုစာရင်းများ ပိုမိုတိကျ မှန်ကန်လာမည်ဖြစ်ပြီး မူဝါဒချမှတ်သူများအတွက် များစွာအထောက်အပံ့ ရရှိမည်ဖြစ်ကြောင်းသတင်းရရှိပါသည်။

