
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ ဦးသောင်းထွန်းနှင့် ကော်မရှင်အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန်စက်မှုဇုန်ရှိ SC Auto ၏ မော်တော်ကား စက်ရုံဖွင့်ပွဲနှင့် မြန်မာနိုင်ငံတွင် ပထမဆုံးစတင်ထုတ်လုပ်သော SC Neustarဘတ်စ်ကားသစ် မိတ်ဆက်ပွဲ အခမ်းအနားသို့တက်ရောက်ခဲ့သည်။
SC Auto (Myanmar) Co., Ltd သည် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ခွင့်ပြုမိန့်ဖြင့် စင်္ကာပူနိုင်ငံ မှ ရာခိုင်နှုန်းပြည့်ရင်းနှီးမြှုပ်နှံပြီး ခရီးသည်တင် မော်တော်ယာဉ်များ တပ်ဆင်ထုတ်လုပ် ရောင်းချခြင်း၊ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်း ဆောင်ရွက်နေသောစက်ရုံဖြစ်ပါသည်။
ဖွင့်ပွဲအခမ်းအနား၌ ပြည်ထောင်စုဝန်ကြီး ဉီးသောင်းထွန်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဉီးဖြိုးမင်းသိန်း၊ စင်ကာပူသမ္မတနိုင်ငံ သံအမတ်ကြီး Ms. Vanessa Chan နှင့် စက်ရုံ မန်နေဂျင်းဒါရိုက်တာ Ms Rachel Lee တို့က အဖွင့်အမှာစကားအသီးသီး ပြောကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်သည် ပြည်တွင်း၊ ပြည်ပမှ အဆင့်မြင့်ပြီး အရည်အသွေးပြည့်ဝသည့် ရင်းနှီးမြှုပ်နှံမှုများ (Quality Investment) ပိုမိုဝင်ရောက်လာစေရန် ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်း၊ SC Auto (Myanmar) Co., Ltd. ကဲ့သို့ နည်းပညာမြင့်မား၍ အလုပ်အကိုင် အခွင့်အလမ်းဖန်တီးပေးနိုင်သည့် မော်တော်ယာဉ်ထုတ်လုပ် ရောင်းချခြင်းလုပ်ငန်းများ မြန်မာနိုင်ငံ၌ လာရောက်ရင်းနှီးမြှုပ်နှံသည့် အတွက် ကြိုဆိုပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံရင်းနှီမြှုပ်နှံမှုကော်မရှင်မှ မော်တော်ယာဉ် ထုတ်လုပ်ခြင်းလုပ်ငန်းများကို Semi Knocked-Down (SKD) စနစ်ဖြင့် ထုတ်လုပ်ခွင့်ပြုလျက်ရှိပြီး မကြာမီကာလအတွင်း Complete Knocked-Down (CKD) စနစ်ဖြင့် ပြည်တွင်းတွင်ထုတ်လုပ်၍ အသေးစားနှင့် အလတ်စားစက်မှုလုပ်ငန်းများနှင့် ချိတ်ဆက်နိုင်သည့်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာ စေရန် ရည်ရွယ်လုပ်ဆောင်လျက်ရှိပါကြောင်း၊ SC Auto စက်ရုံ၌ ခရီးသည်တင်ဘတ်စ်ကားများကို Complete Knocked-Down (CKD) စနစ်ဖြင့် ပြည်တွင်း၌ ဉရောပစံချိန်စံညွှန်းမီ SC Neustar အမှတ် တံဆိပ် မော်တော်ယာဉ်များကို ထုတ်လုပ်လျက်ရှိသည်ကိုတွေ့ရပါကြောင်း၊ အထူးသဖြင့် အရည်အသွေး ပြည့်ဝပြီး နိုင်ငံတကာအဆင့်မီ မော်တော်ယာဉ်များ တိုးချဲ့ထုတ်လုပ်ရန် အားပေးပါကြောင်း ပြောကြား ခဲ့သည်။
၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စက်ရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေး၍ ကုမ္ပဏီ၏ မော်တော်ကားထုတ်လုပ်နေမှု အခြေအနေများအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ပြည်တွင်း၊ ပြည်ပမှ မော်တော်ကားနှင့် ဆက်စပ် ပစ္စည်းများ ထုတ်လုပ်ရောင်းချခြင်းဆိုင်ရာ လုပ်ငန်းရှင် ၃၇၀ ခန့် တက်ရောက်ခဲ့ကြောင်း သတင်း ရရှိပါသည်။



