
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

မြန်မာနိုင်ငံ သယံဇာတတူးဖော်ထုတ်လုပ်မှုများ ပွင့်လင်းမြင်သာမှုဖော်ဆောင်ရေး လုပ်ငန်းစဉ် တစ်ခုဖြစ်သည့် အကျိုးအမြတ် ရရှိပိုင်ဆိုင်မှု အချက်အလက်များ ထုတ်ပြန်ခြင်းနှင့်စပ်လျဉ်းသည့် မီဒီယာများနှင့် တွေ့ဆုံပွဲအား ရန်ကုန်မြို့၊ CBC Ballroom ၌ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ကျင်းပခဲ့ရာ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
နိုင်ငံတကာ သယံဇာတတူးဖော်ထုတ်လုပ်မှုများ ပွင့်လင်းမြင်သာမှုဖော်ဆောင်ရေး လုပ်ငန်းစဉ် လိုအပ်ချက်အမှတ် ၂.၅ ကို မြန်မာနိုင်ငံမှလည်း လိုက်နာဆောင်ရွက်နိုင်စေရန် သယံဇာတ တူးဖော်ထုတ်လုပ်မှု လုပ်ငန်းများ၏ အကျိုးအမြတ်ရရှိပိုင်ဆိုင်မှု အချက်အလက် ဖော်ဆောင်ရေး လုပ်ငန်းစဉ်ကို အချိန်နှင့်တစ်ပြေးညီ အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရေးအတွက် နိုင်ငံတော် သမ္မတရုံးမှ ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၂ ရက်နေ့တွင် “သက်ဆိုင်ရာ ဌာန၊ အဖွဲ့အစည်းများနှင့် မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေအရ မှတ်ပုံတင်ထားသောကုမ္ပဏီများနှင့် စီးပွားရေးအဖွဲ့အစည်းများက ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေး” အမိန့်ကြော်ငြာစာအမှတ် ၁၀၄/၂၀၁၉ ကို ထုတ်ပြန်ပေး၍ အဆိုပါ အမိန့်ကြော်ငြာစာနှင့်အညီ အကျိုးအမြတ် ရရှိပိုင်ဆိုင်မှု ဖော်ဆောင်ရေးလုပ်ငန်းစဉ်များ ဆောင်ရွက် လျက်ရှိခြင်းဖြစ်ပါသည်။
အကျိုးအမြတ်ရရှိပိုင်ဆိုင်မှု ဖော်ဆောင်ရေး လုပ်ငန်းအဖွဲ့တွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ယူဦးဆောင်ဦးရွက်ပြုသည့် အဖွဲ့အစည်း BO Task Force Focal Agency အဖြစ် ဆောင်ရွက်လျက်ရှိပါသည်။
ယနေ့ပြုလုပ်သည့် မီဒီယာများနှင့် တွေ့ဆုံပွဲတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှကိုယ်စားလှယ်အပါအဝင် အကျိုးအမြတ်ရရှိပိုင်ဆိုင်မှုဖော်ဆောင်ရေးလုပ်ငန်းအဖွဲ့ဝင် များက အကျိုးအမြတ်ရရှိပိုင်ဆိုင်မှုဖော်ဆောင်ရေးလုပ်ငန်းစဉ်နှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေး ခဲ့ကြပါသည်။
အဆိုပါ တွေ့ဆုံပွဲသို့မြန်မာနိုင်ငံ သယံဇာတ တူးဖော်ထုတ်လုပ်မှုများ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေး ညှိနှိုင်းရေးမှူးနှင့်တကွ MEITI သုံးပွင့်ဆိုင်အဖွဲ့ဝင်များ၊ အကျိုးအမြတ်ရရှိပိုင်ဆိုင်မှု ဖော်ဆောင်ရေးလုပ်ငန်းအဖွဲ့ဝင်များ၊ အစိုးရဌာနဆိုင်ရာ ကိုယ်စားလှယ်များ၊ အစိုးရဌာနဆိုင်ရာ လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ အကျိုးအမြတ်ရရှိပိုင်ဆိုင်မှုထုတ်ဖော်ရာတွင် ပါဝင်ခဲ့ကြသည့် စီးပွားရေး လုပ်ငန်းရှင်များ၊ သက်ဆိုင်ရာ နယ်ပယ် အသီးသီးမှလေ့လာသူ ပညာရှင်များ၊ မီဒီယာများမှ ကိုယ်စားလှယ်များ စုစုပေါင်း ၁၅၀ ဦးခန့်တက်ရောက်ခဲ့ကြပါသည်။


