မြန်မာ-ဂျပန် ပူးတွဲလုပ်ငန်း ညှိနှိုင်းမှုကော်မတီ (JOINT COORDINATION COMMITTEE-JCC)၏ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

Print Friendly, PDF & Email

ယှဉ်ပြိုင်နိုင်စွမ်းရှိသော စက်မှုလုပ်ငန်းများ တိုးတက်စေရေးအတွက် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးလုပ်ငန်းစီမံချက် (The Project for Promoting Investment for Enhancing Industrial Competitiveness) နှင့်စပ်လျဉ်းသည့် မြန်မာ-ဂျပန် ပူးတွဲလုပ်ငန်း ညှိနှိုင်းမှုကော်မတီ (Joint Coordination Committee-JCC) ၏ ဒုတိယအကြိမ် Virtual Meeting ကို ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၁  ရက်နေ့၊ နံနက် (၁၀:၀၀) နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။  

အစည်းအဝေးသို့ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဉီးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဉီးသန့်စင်လွင် (JCC-ဉက္ကဋ္ဌ)၊ စက်မှုပူးပေါင်း ဆောင်ရွက်ရေးဉီးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးနိုင်၊ ကုန်သွယ်ရေးဉီးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဉီးကိုကိုလေး၊  JCC အဖွဲ့ဝင်များ၊ JICA မှ ကိုယ်စားလှယ်များနှင့် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဉီးစီးဌာနမှ  အရာထမ်းများ တက်ရောက်ခဲ့ကြပါသည်။     

အစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဉီးစီးဌာနမှ  ညွှန်ကြားရေးမှူးချုပ် ဉီးသန့်စင်လွင် (JCC-ဉက္ကဋ္ဌ) နှင့် Mr. Tomoyuki YAMADA, Director, JICA တို့က အဖွင့်အမှာစကားများ အသီးသီးပြောကြားခဲ့ကြပြီး၊  JICA Project Team Leader က စီမံကိန်း၏ တိုးတက်မှုအခြေအနေနှင့် ဒုတိယနှစ်အတွင်း ဆောင်ရွက်မည့်လုပ်ငန်းစဉ်တို့နှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ တက်ရောက်လာသူများမှ “ယှဉ်ပြိုင်နိုင်စွမ်းရှိသော စက်မှုလုပ်ငန်းများ တိုးတက်စေရေးအတွက် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးလုပ်ငန်းစီမံချက်” ၏ ဆောင်ရွက်ခဲ့မှုအခြေအနေနှင့် ဒုတိယနှစ်အတွင်း ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များအား အတည်ပြုဆွေးနွေးခဲ့ကြပါသည်။

ထို့နောက် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဉီးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဉီးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ကုန်သွယ်ရေးဉီးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် JICA Myanmar Office မှ Senior Representative ဖြစ်သူ Mr. Tetsutaro KON တို့က နိဂုံးချုပ်အမှာစကားများ အသီးသီးပြောကြားခဲ့ပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။