
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ဦးသောင်းထွန်းသည် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံနိုင်ငံ သံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများအား ရန်ကုန်မြို့ရှိ Novotel Hotel ၌ ယနေ့ ၂၀၁၉ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့တွင် လက်ခံတွေ့ဆုံခဲ့ပါသည်။
ယင်းသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အဖွဲ့ဝင်များဖြစ်ကြသည့် ဒေါက်တာ အောင်ထွန်းသက်နှင့် ဦးအေးလွင်၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းနှင့် သက်ဆိုင်ရာဌာနများမှ အရာရှိကြီးများ တက်ရောက် ခဲ့ကြပါသည်။
တွေ့ဆုံပွဲတွင် စီးပွားရေးဖြစ်ပေါ်တိုးတက်မှုအခြေအနေ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပြုပြင်ပြောင်းလဲ မှုများ၊ အရည်အသွေးရှိသော ရင်းနှီးမြှုပ်နှံမှုများတိုးမြှင့်ရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။
ပြည်ထောင်စုဝန်ကြီးက အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ရင်းနှီးမြှုပ်နှံမှုများသည် မြန်မာနိုင်ငံ အတွက်သာမက အာဆီယံနိုင်ငံများအတွက်ပါ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ အကျိုး အမြတ်များစွာရရှိရန် အထောက်အကူပြုပါကြောင်း၊ တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး နည်းလမ်းများမှာ မိမိတို့အားလုံးအတွက် အရေးပါသည့်အချက် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
တက်ရောက်လာ ကြသည့် အာဆီယံအဖွဲ့ဝင်(၉)နိုင်ငံမှ သံအမတ်ကြီးများက ရင်းနှီးမြှုပ်နှံသူများ ကြုံတွေ့ရသည့် အခက်အခဲများကို ဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးမှ သံအမတ်ကြီးများ ၏ ဆွေးနွေးချက်များအား ပြန်လည် ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။
