ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ကချင်ပြည်နယ်၊ ပြည်နယ်ဦးစီးမှူးရုံး ဖွင့်လှစ်ပွဲအခမ်းအနားကျင်းပ

Print Friendly, PDF & Email

မြစ်ကြီးနား၊ ဇူလိုင်လ ၁၀  ရက်

           ကချင်ပြည်နယ်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များ၊ ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက် လိုသူများနှင့် ကုမ္ပဏီဖွဲ့စည်းတည်ထောင်လိုသူများ အနေဖြင့် မိမိတို့ဆောင်ရွက်လိုသည်များ ကို လျင်မြန်လွယ်ကူစွာဖြင့် ဆောင်ရွက်နိုင်ရန်နှင့် ကချင်ပြည်နယ်၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကို အထောက်အကူဖြစ်စေရန်အတွက် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံး ဖွင့်လှစ်ပွဲ အခမ်း အနားကို ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်နေ့ နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့၊ ရုံးကြီးလမ်း၊ ဧရာရပ်ကွက်၊ ပြည်နယ်အစိုးရအဖွဲ့ရုံး၀င်းရှိ အဆိုပါရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

           ဖွင့်ပွဲအခမ်းအနားသို့ ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့မှ ဝန်ကြီးများ၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အတွင်းရေးမှူး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြည်နယ်အဆင့် ဌာန ဆိုင်ရာ အကြီးအကဲများ၊ မြစ်ကြီးနား စက်မှု လက်မှုနှင့် လုပ်ငန်းရှင်များ အသင်းမှ အသင်း ဝင်များ၊ ကချင်ပြည်နယ်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ပါသည်။

           အဆိုပါအခမ်းအနားတွင် ပြည်နယ်ဦးစီးမှူးရုံးအား ကချင်ပြည်နယ်အစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးဌာနဝန်ကြီး ဦးဝင်းညွှန့်နှင့် မြန်မာ နိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ အတွင်းရေးမှူး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးပြီး၊ ကချင် ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ကိုယ်စား လုံခြုံရေးနှင့် နယ်စပ်ရေးရာဌာန ဝန်ကြီး ဗိုလ်မှူးကြီး သူရမျိုးတင်မှ ရုံးဆိုင်းဘုတ်အား စက်ခလုပ်နှိပ် ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်လာသည့် ဧည့်သည်တော်များက ရုံးခန်းအတွင်း လှည့်လည် ကြည့်ရှုကြသည်။

                               ဆက်လက်၍ ဖွင့်ပွဲအခမ်းအနား ဒုတိယအပိုင်းအားမြစ်ကြီးနားမြို့၊ ဆမားဒူဝါဆင်ဝါးနော် ခန်းမတွင် ဆက်လက်ကျင်းပရာ ကချင်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ် ကိုယ်စား လုံခြုံရေး နှင့် နယ်စပ်ရေးရာဌာန ဝန်ကြီး ဗိုလ်မှူးကြီး သူရမျိုးတင်မှ ကြိုဆိုနှုတ်ခွန်းဆက် ကျေးဇူးတင် စကား ပြောကြားခြင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ကိုယ်စား မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူးနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးမှ ကချင်ပြည်နယ်ဦးစီးမှူးရုံး ဖွင့်လှစ်ရခြင်း နှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေး ပြောကြားပါသည်။ ထို့နောက် ကချင် ပြည်နယ် ဦးစီးမှူးရုံးတွင် ပထမဦးဆုံး ကုမ္ပဏီမှတ်ပုံတင်သည့် ရှယ်ဘ ဆောက်လုပ်ရေး ကုမ္ပဏီလီမိတက်နှင့် ပါဝါရှိုင်းကုမ္ပဏီလီမိတက် တို့အား ဝန်ကြီးချုပ် ကိုယ်စား လုံခြုံရေးနှင့် နယ်စပ်ရေးရာဌာန ဝန်ကြီး ဗိုလ်မှူးကြီး သူရမျိုးတင် မှ ကုမ္ပဏီမှတ်ပုံတင် လက်မှတ်ချီးမြှင့် ခဲ့သည်။ထို့နောက် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးဆန်းမြင့်မှ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီတည် ထောင်ခြင်းဆိုင်ရာ လုပ်ထုံး လုပ်နည်းများအားလည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ကြသည်။ တက်ရောက်လာကြသော လုပ်ငန်းရှင်များမှလည်း သိလိုသည်များ မေးမြန်း၍ ပြန်လည် ဖြေကြားခဲ့ပါသည်။ အခမ်းအနားသို့  ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စီးပွားရေး လုပ်ငန်းရှင်များ စုစုပေါင်း ဦးရေ (၁၂၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။