
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြုပ်နှံမှုများ မြင့်တင်ဆောင်ရွက်ရန် ရည်ရွယ်၍ ကျင်းပသည့် India-Myanmar Investment Development Initiative ညှိနှိုင်းအစည်းအဝေးကို၂၀၁၉ ခုနှစ် မတ်လ ၂ ရက်နေ့တွင် ရန်ကုန်မြို့ရှိ Pan Pacific ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားအား အိန္ဒိယသံရုံးနှင့် အိန္ဒိယ-မြန်မာ ကုန်သည်ကြီးများအသင်းတို့ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး၊ အစည်းအဝေးသို့ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး၊ မြန်မာ့အာမခံလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဒေါက်တာစန္ဒာဦးနှင့် ကုန်သွယ်ရေးဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်းတို့ တက်ရောက်ဆွေးနွေးခဲ့ပါသည်။

ရှေ့ဦးစွာ အိန္ဒိယသံရုံးမှ သံအမတ်ကြီး Mr. Saurabh Kumar မှ အဖွင့်အမှာစကား ပြောကြားပြီး၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးမှ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ပြုပြင်ပြောင်းလဲမှုများ၊ လက်ရှိဆောင်ရွက်ထားမှုများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် ကဏ္ဍများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
ထို့နောက် ကုန်သွယ်ရေးဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်းက ကုန်သွယ်မှုဆိုင်ရာ အခြေအနေများကိုလည်းကောင်း၊ အိန္ဒိယ-မြန်မာ ကုန်သွယ်မှုမြင့်တင်ရေး ဆောင်ရွက်မှုအခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြခဲ့ပြီး၊ မြန်မာ့အာမခံလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဒေါက်တာစန္ဒာဦးက အာမခံလုပ်ငန်း၏ ဖြေလျော့မှုများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသူများ၏ မေးမြန်းမှုများကို ညွှန်ကြားရေးမှူးချုပ်များမှ အသေးစိတ် ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။ အခမ်းအနားသို့ အိန္ဒိယ-မြန်မာ ကုန်သည်များအသင်းဝင် ကုန်သည်လုပ်ငန်းရှင်များ (၅၀) ဦးခန့် တက်ရောက်ခဲ့ပါသည်။
