
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

၂၀၁၈ ခုနှစ် သြဂုတ်လ ၁ ရက်နေ့တွင် မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေစတင် အာဏာ သက်ရောက်ပြီး အီလက်ထရောနစ် မှတ်ပုံတင်စနစ်သစ် Myanmar Companies Online Registry (MyCO) နှင့်အတူ ကုမ္ပဏီမှတ်ပုံတင်လုပ်ငန်းများစတင်ဆောင်ရွက်မည်ဖြစ်ပါသည်။ ယင်းနှင့် ပတ်သက်သော ဆွေးနွေးပွဲတစ်ရပ်ကို ၂၀၁၈ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့တွင် နေပြည်တော် Parkroyal Hotel ၌ ကျင်းပပြုလုပ်ခဲ့ရာ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေ ၂၀၁၇ ၏ ထူးခြားချက်များ၊ မှတ်ပုံတင်စနစ်သစ်နှင့်အညီ ဆောင်ရွက်မည့် လုပ်ထုံး လုပ်နည်းများ၊ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ၂၀၁၇ ပြောင်းလဲချက်များနှင့်အညီ ဝန်ကြီး ဌာန၊ အဖွဲ့အစည်းများ၏ မူဝါဒရေးရာကိစ္စများချိန်ညှိ ဆောင်ရွက်ရမည့် အခြေအနေများကိုအသေးစိတ် ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့ပြင် ညွှန်ကြားရေးမှူး ဦးမျိုးမင်းက MyCO အီလက်ထရောနစ် မှတ်ပုံတင်စနစ် အသုံးပြုဆောင်ရွက်ရမည့် အကြောင်းအရာများနှင့် ဝန်ကြီးဌာနများအနေဖြင့် ကြည့်ရှု၊ စစ်ဆေးအတည်ပြုနိုင်မည့် ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ အဆိုပါ အစီအစဉ်သို့ သက်ဆိုင်ရာ ဝန်ကြီးဌာနအဖွဲ့အစည်းများမှ တာဝန်ရှိသူများ ၆၀ ဦးခန့် တက်ရောက် ပြီး ဥပဒေဖော်ပြချက်များအတိုင်း လိုက်နာဆောင်ရွက်ရန် အကြောင်းအရာများ၊ မရှင်းလင်းသည့် ကိစ္စရပ်များနှင့် မူဝါဒဆိုင်ရာချိန်ညှိဆောင်ရွက်ရမည့် အခြေအနေများအတွက် မေးမြန်း ဆွေးနွေး ခြင်းများအပေါ် ညွှန်ကြားရေးမှူးချုပ်က ဥပဒေသစ်နှင့်အညီ ဝန်ကြီးဌာနများက ပြောင်းလဲ ဆောင်ရွက်ရန်လိုအပ်သည်များ ပြင်ဆင်ထားရမည့်ကိစ္စများ ဖြေလျော့ပေးရမည့်ကိစ္စများ ဥပဒေ သစ်၏ ထူးခြားချက်များကို အသေးစိတ်ရှင်းလင်းညှိနှိုင်း၍ ပြန်လည်ရှင်းလင်းဖြေကြားခြင်း အစီအစဉ်များ ဆောင်ရွက်ခဲ့ပါသည်။

