
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

နေပြည်တော်၊ စက်တင်ဘာလ ၂၉ ရက်
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၁၃/၂၀၂၀) ကြိမ်မြောက် အစည်းအဝေးကို Video Conferencing စနစ်ဖြင့် ယနေ့ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဉီးသောင်းထွန်း၊ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်နှင့် အဖွဲ့ဝင်များတက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် ဆောင်ရွက်ဆဲလုပ်ငန်း (၄) ခုမှ မတည်ငွေရင်း တိုးမြှင့်ခြင်း အပါအဝင် ကုန်ထုတ်လုပ်မှုကဏ္ဍ၊ အိမ်ရာအဆောက်အဦကဏ္ဍ၊ ဟိုတယ်နှင့်ခရီးသွားကဏ္ဍနှင့် ဝန်ဆောင်မှု ကဏ္ဍတို့မှ လုပ်ငန်းအသစ် (၇) ခုကို ခွင့်ပြုခဲ့ပါသည်။ အဆိုပါလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန် ဒေါ်လာ (၃၄၇.၈၅) သန်းနှင့် ကျပ် (၂၃,၄၁၁.၂၅၅) သန်းရှိပြီး ပြည်တွင်းလုပ်သားများ အတွက် အလုပ်အကိုင် အခွင့်အလမ်းပေါင်း (၄,၉၁၅) နေရာကို ဖန်တီးပေးနိုင်မည်ဖြစ်ပါသည်။
၂၀၂၀ ပြည့်နှစ် ဩဂုတ်လကုန်အထိ ရင်းနှီးမြှုပ်နှံမှု အများဆုံးပြုလုပ်သော နိုင်ငံများ မှာ စင်ကာပူနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ဖြစ်ပါသည်။ နိုင်ငံ/ဒေသပေါင်း (၅၁) ခုမှ စီးပွားရေးကဏ္ဍ (၁၂) ခုတွင် အများဆုံး ရင်းနှီးမြှုပ်နှံထားရှိမှုမှာ လျှပ်စစ်ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ (၂၆.၃၂%)ဖြင့် လည်းကောင်း၊ ရေနံနှင့် သဘာဝဓါတ်ငွေ့ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ (၂၆.၂၃%) ဖြင့်လည်းကောင်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် စုစုပေါင်း ရင်းနှီး မြှုပ်နှံမှု၏ (၁၄.၃၁%) ဖြင့် လည်းကောင်း ရင်းနှီးမြှုပ်နှံထားပါသည်။


