
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ဦးသောင်းထွန်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် စင်ကာပူသမ္မတနိုင်ငံတွင် ၂၀၁၉ခုနှစ် စက်တင်ဘာလ ၂၀ရက်မှ ၂၁ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် စင်ကာပူသမ္မတနိုင်ငံထိပ်သီးအစည်းအဝေး ၂၀၁၉ သို့ တက်ရောက်ခဲ့ ပါသည်။
စင်ကာပူသမ္မတနိုင်ငံ ထိပ်သီးအစည်းအဝေးအား စင်ကာပူသမ္မတနိုင်ငံ အစိုးရနှင့် Temasek ဖောင်ဒေးရှင်းတို့မှ ကြီးမှူး၍ အာရှဒေသတွင်းနှင့်ကမ္ဘာ့နိုင်ငံများအကြားစီးပွားရေး၊ ဘဏ္ဍာရေးနှင့် ဒေသဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရန် ရည်ရွယ် ကျင်းပခဲ့ပါသည်။ အစည်းအဝေး၌ အာရှနှင့် ကမ္ဘာတစ်လွှားမှ ခေါင်းဆောင်များအကြား အတွေး အမြင်များဖလှယ်နိုင်ခြင်း၊အစိုးရကဏ္ဍမှ အဆင့်မြင့်အရာရှိကြီးများနှင့် ပုဂ္ဂလိကကဏ္ဍမှ ခေါင်းဆောင်များအကြား စီးပွားရေး၊ ဘဏ္ဍာရေးနှင့် ဒေသဆိုင်ရာ၊ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများ ဆွေးနွေးဖော်ထုတ်သွားနိုင်မည်ဖြစ်ပါသည်။
စက်တင်ဘာ ၂၁ ရက်နေ့တွင် စင်ကာပူသမ္မတနိုင်ငံထိပ်သီး အစည်းအဝေး ၂၀၁၉ ဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ပြီး စင်ကာပူသမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဝန်ကြီး H.E Mr. Heng Swee Keat က အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ဆွေးနွေးပွဲသို့အာရှနှင့် ကမ္ဘာတစ်ဝန်းမှ ကိုယ်စားလှယ်ပေါင်း ၆၅၀ ကျော် တက်ရောက်ခဲ့ပါသည်။
နေ့လည်ပိုင်းတွင် စင်ကာပူသမ္မတနိုင်ငံထိပ်သီး အစည်းအဝေးကို ဆက်လက်ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီးသည်Policy Dialogue Session ၌ပါဝင်ဆွေးနွေးခဲ့ပါသည်။ အဆိုပါ အစီအစဉ်တွင် ပြည်ထောင်စုဝန်ကြီးကကမ္ဘာလုံးဆိုင်ရာ ပြောင်းလဲမှုဖြစ်စဉ်အရ နိုင်ငံစုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများတွင် စိန်ခေါ်မှုများရှိနေဆဲဖြစ်ကြောင်း၊ဒေသတွင်းနှင့် ကမ္ဘာ့နိုင်ငံများ အကြား လွတ်လပ်စွာ ကုန်သွယ်နိုင်မှု၊ နည်းပညာဆန်းသစ် တီထွင်မှုနှင့် သုတေသန ဖွံ့ဖြိုးတိုးတက်မှု တို့သည် အရေးကြီးပါကြောင်း၊ ကမ္ဘာ့စီးပွားရေးတွင် အာရှနိုင်ငံများ၏ စီးပွားရေးတိုးတက်မှုမှာ အဓိကအခန်းကဏ္ဍမှ ပါဝင်လာကြောင်း၊ အဆိုပါ နိုင်ငံစုံနှင့် ဒေသဆိုင်ရာအုပ်စုတွင်ပါဝင်သည့် မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာလုံးဆိုင်ရာMega-trends နှင့်အတူ လိုက်ပါဆောင်ရွက်နိုင်ရေး ကြိုးစားလျက်ရှိပါကြောင်း၊အာဆီယံဒေသတွင်း စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုအစီအစဉ်၌လည်း တက်တက်ကြွကြွပါဝင်လျက်ရှိပါကြေင်း၊Industrial 4.0 သို့ ကူးပြောင်းနိုင်ရေး အပြည့်အဝထောက်ခံပါကြောင်း၊ မြန်မာနိုင်ငံအစိုးရမှရေးဆွဲထားသော Myanmar Sustainable Development Plan သည်လည်း ဒေသတွင်း ရင်းနှီးမြှုပ်နှံမှုကဏ္ဍ၊ ငွေရေးကြေးရေးကဏ္ဍတို့တွင်ပူးပေါင်းဆောင်ရွက်ချိတ်ဆက်မှု တိုးမြှင့်ခြင်းဖြင့် အထောက်အကူပြု မည်ဖြစ်ပါကြောင်းနှင့် မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်တိုးတက်မှု၊ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများအား ဆွေးနွေးပြောကြားခဲ့ပါသည်။
အဆိုပါခရီးစဉ်အတွင်း ပြည်ထောင်စုဝန်ကြီးသည် စင်ကာပူသမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီး H.E Mr. Heng Swee Keat နှင့် နိုင်ငံခြားဝန်ကြီးဌာန ဝန်ကြီး H.E Dr. Vivian Balakrishnan တို့နှင့် အသီးသီးတွေ့ဆုံခဲ့ပြီးရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနှင့် နှစ်နိုင်ငံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များကိုဆွေးနွေးခဲ့ကြပါသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အတူ ကိုယ်စားလှယ်အဖွဲ့ဝင်များအဖြစ်စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဉီးဆက်အောင်နှင့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဌာနမှ ညွှန်ကြားရေးမှူး ဉီးစိုးမြင့်အောင်တို့လိုက်ပါသွားခဲ့ကြပါသည်။


