
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ (၃/၂၀၁၇) ကြိမ်မြောက် အစည်းအဝေးကို ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့တွင် ရန်ကုန်မြို့၊ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ရုံး၌ ကျင်းပပြုလုပ်ခဲ့ ပါသည်။
အစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် ကော်မတီ အဖွဲ့ဝင်များ တက်ရောက် ခဲ့ပါသည်။
အစည်းအဝေးတွင် ဥက္ကဋ္ဌက ရန်ကုန်တိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ အဆင်ပြေ ချောမွေ့စေရေးအတွက် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးမှာကြားခဲ့ပါသည်။ အဆိုပါ အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီသည် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့်အညီ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆောင်ရွက်မည့် ရာနှုန်းပြည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၂ ခုနှင့် ဖက်စပ်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၁ ခု၊ စုစုပေါင်း ၃ ခုတို့အား အတည်ပြုပေးခဲ့ပါသည်။ အဆိုပါလုပ်ငန်း ၃ ခု၏ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၅.၉၃၃ သန်း ဖြစ်ပြီး အလုပ်အကိုင် အခွင့်အလမ်း ၁၈၇ ဦးအတွက် ဖန်တီးပေးနိုင်မည် ဖြစ်ပါသည်။
၂၀၁၇ ခုနှစ် စက်တင်ဘာလကုန်ထိ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ အနေဖြင့် စက်မှုကဏ္ဍတွင် စင်ကာပူနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ဟောင်ကောင်တို့မှ စုစုပေါင်း လုပ်ငန်း ၅ ခုအား အတည်ပြုမိန့် ထုတ်ပေးခဲ့ပြီး၊ ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ စုစုပေါင်း အမေရိကန်ဒေါ်လာ ၈.၆၆၃ သန်းနှင့် အလုပ်အကိုင်အခွင့်အလမ်း ၉၃၇ ဦးအတွက် ဖန်တီးပေးနိုင်မည် ဖြစ်ပါသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်လိုသူများအနေဖြင့် မတည်ငွေရင်း ပမာဏ အမေရိကန်ဒေါ်လာ ၅ သန်း (သို့) ကျပ်သန်း ၆၀၀၀ အထိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ အတည်ပြု လျှောက်ထားလွှာများကို ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ရန်ကုန်တိုင်း ဒေသကြီးဦးစီးမှူးရုံး၊ အမှတ် ၁၊ သစ္စာလမ်း၊ ရန်ကင်းမြို့နယ်၊ တယ်လီဖုန်းအမှတ် ၉၅-၀၁-၆၅၇၈၉၂ သို့ ဆက်သွယ် မေးမြန်း လျှောက်ထားနိုင်ပါသည်။
ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ