
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေကို ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၁၈ ရက်နေ့၌ ပြဋ္ဌာန်း ပြီးဖြစ်ရာ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ဥပဒေ၊ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းသစ်များနှင့် အညီ အဆိုပြုလွှာများ၊ အတည်ပြုလျှောက်ထားလွှာများ တင်ပြကြရာတွင် အခက်အခဲမရှိစေရေးအတွက် ကော်မရှင်သို့ အဆိုပြုလွှာနှင့် အတည်ပြုလျှောက်ထားလွှာတင်ပြရန် ပြင်ဆင်လျှက်ရှိကြသော လုပ်ငန်းရှင်များအား ကော်မရှင်ရုံးအဖွဲ့မှ ၂၀၁၇ ခုနှစ် စက်တင်ဘာလ ပထမပတ်မှစတင်၍ လက်ခံတွေ့ဆုံကာ လိုအပ်သည်များ ရှင်းလင်းဖြေကြားကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အများပြည်သူသို့ အသိပေးကြေညာခဲ့ပြီးဖြစ်ပါသည်။
ယနေ့ ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၅ ရက်(အင်္ဂါနေ့)တွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဆန်းမြင့် ဦးဆောင်၍ ရင်းနှီးမြှုပ်နှံမှု ဌာနခွဲ(၁)မှ ညွှန်ကြားရေးမှူး ဦးမင်းဇော်ဦးနှင့် အဖွဲ့တို့သည် ရန်ကုန်မြို့ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ နံနက် ၉ နာရီမှ ၁၁ နာရီ အချိန်ထိ စိုက်ပျိုးရေးကဏ္ဍ၊ မွေးမြူရေးကဏ္ဍ၊ စက်မှုကဏ္ဍ (စားသောက်ကုန်လုပ်ငန်း)များနှင့် စပ်လျဉ်း သည့် ကုမ္ပဏီ (၃)ခုမှ သိရှိလိုသည်များနှင့် ဆက်လက်ဆောင်ရွက်ရမည့် ကိစ္စများကို ရှင်းလင်း ဖြေကြား ကူညီဆောင်ရွက်ပေးခဲ့ပါသည်။
