
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၊ ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် ဂျပန်အပြည် ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ(JICA)တို့ ပူးပေါင်း၍ ကရင်ပြည်နယ် အတွင်းရှိ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ မြှင့်တင်ပေးရန်နှင့် ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်များအား အလားအလာရှိသည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများနှင့် ချိတ်ဆက် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ကရင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုပြပွဲကို ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၂၄ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
ရင်းနှီးမြှုပ်နှံမှုပြပွဲ အခမ်းအနားသို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း၊ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို၊ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများ၊ သံအမတ်ကြီး များ၊ JICA နှင့် JETRO တို့မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှ ညွှန်ကြားရေးမှူး ချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အရာရှိကြီးများ၊ ကရင်လက်နက်ကိုင် အဖွဲ့များ ဒေသဖွံ့ဖြိုးရေး ဖော်ဆောင်မှုကော်မတီဝင်များ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်မှ ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် မှ ကိုယ်စားလှယ်များ၊ နိုင်ငံခြားသံရုံးများနှင့်နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စား လှယ်များ ပြည်တွင်းပြည်ပမှ စီးပွားရေးလုပ်ငန်းရှင်များ၊ ပြည်တွင်းပြည်ပသတင်း မီဒီယာများ စုစုပေါင်း (၆၀၀) ကျော် တက်ရောက်ခဲ့ကြပါသည်။
အစီအစဉ်အရ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌ၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းနှင့် ကရင်ပြည်နယ် ဝန်ကြီး ချုပ် ဒေါ်နန်းခင်ထွေးမြင့်တို့မှ ကရင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုပြပွဲ ၂၀၁၇ ကို ဖဲကြိုးဖြတ်၍ အခမ်းအနား ဖွင့်လှစ်ပေးခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဝန်ကြီးချုပ်များနှင့် တက်ရောက်လာသော ဧည့်သည်တော်များက ပြပွဲတွင် ခင်းကျင်းပြသထားသည့် ကရင် ပြည်နယ် ရင်းနှီးမြှုပ်နှံမှု အလားအလာများ၊ ကရင်ပြည်နယ် ထွက်ကုန်ပြခန်းများအား လှည့်လည် လေ့လာကြည့်ရှုခဲ့ကြပါသည်။
ဆက်လက်၍ အစီအစဉ်အရ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာဆွေးနွေးပွဲကို ကျင်းပခဲ့ရာ အခမ်းအနားတွင် ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်မှ ကြိုဆိုနှုတ်ခွန်း ဆက်စကားပြောကြားခဲ့ပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းမှ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပါသည်။ ထို့နောက် ကရင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးစောဟန်အေး၊ ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီမှ Chief Representative ဖြစ်သူ Mr. Masayuki Karasawa နှင့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီး Mr. Jukr Boon-Long တို့မှ အဖွင့်အမှာစကား အသီးသီး ပြောကြားကာ ဆွေးဆွေးပွဲကို ဆက်လက် ကျင်းပခဲ့ပါသည်။
ထို့နောက် ကရင်ပြည်နယ်၏ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများနှင့်ပတ်သက်၍ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ရှင်းလင်း တင်ပြခဲ့ပြီး စက်မှုကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ သတ္တုကဏ္ဍ၊ လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍ၊ ဟိုတယ်နှင့် ခရီးသွားကဏ္ဍ၊ ထောက်ပံပို့ဆောင်ရေးကဏ္ဍစသည့် ကဏ္ဍများအလိုက် တာဝန်ရှိသူများမှ ဆွေးနွေးခဲ့ကြပါသည်။
ကရင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုပြပွဲသို့ ပါဝင်တက်ရောက်နေသူများသည် ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၂၄ ရက်နေ့ ညနေပိုင်းတွင် ဘားအံစက်မှုဇုန်သို့ သွားရောက်လေ့လာ ခဲ့ကြပြီး နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ဘားအံမြို့ ပတ်ဝန်းကျင် ဒေသများသို့ လှည့်လည် လေ့လာကြည့်ရှုခဲ့ကြပါသည်။







