
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သည် ပညာရေး ဝန်ဆောင်မှု လုပ်ငန်းများတွင် ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ၂၀၁၈ ခုနှစ်၊ ဧပြီလ ၂၀ ရက်နေ့စွဲပါ အမိန့်ကြော်ငြာစာ အမှတ် ၇ /၂၀၁၈ ဖြင့် ထုတ်ပြန်ခဲ့ပါသည်-
အဆိုပါ ပညာရေးဝန်ဆောင်မှုလုပ်ငန်းများတွင် အောက်ပါ အမျိုးအစား များကို ပညာရေးဝန်ကြီး ဌာနနှင့် သက်ဆိုင်ရာဝန်ကြီးဌာနတို့က သတ်မှတ်သည့် သင်ရိုးညွှန်းတမ်း သို့မဟုတ် နိုင်ငံတကာ သင်ရိုးညွှန်းတမ်းဖြင့် သင်ကြားသော ပုဂ္ဂလိက ကျောင်းများအဖြစ် ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်ရန် ကော်မရှင်မှ ခွင့်ပြုနိုင်ပါသည်-
(က) အခြေခံပညာပုဂ္ဂလိကကျောင်း။
(ခ) နည်းပညာနှင့် သက်မွေးဆိုင်ရာပညာရေးနှင့် လေ့ကျင့်ရေးပုဂ္ဂလိကကျောင်း။
(ဂ) အဆင့်မြင့်ပညာပုဂ္ဂလိကကျောင်း။
(ဃ) ဘာသာရပ်သင် ပုဂ္ဂလိကကျောင်း။
(င) ဝန်ကြီးဌာနက အခါအားလျော်စွာ သတ်မှတ်သည့် ပုဂ္ဂလိကကျောင်း။
ပညာရေးဝန်ဆောင်မှုလုပ်ငန်း အမျိုးအစားများစာရင်းပါ ပုဂ္ဂလိကကျောင်းများကို ဖွဲ့စည်းရာတွင် တည်ထောင်သူ၏ မတည်ငွေရင်းပေါ် အခြေခံ၍ အောက်ပါအတိုင်း ဖွဲ့စည်း ဆောင်ရွက်နိုင်ပါသည်။
(က) မြန်မာနိုင်ငံသား သို့မဟုတ် မြန်မာနိုင်ငံသား အဖွဲ့အစည်းတစ်ခုခု သို့မဟုတ် မြန်မာနိုင်ငံ သားအဖွဲ့အစည်းများက မတည်ငွေရင်း ရာခိုင်နှုန်းအပြည့်ဖြင့်ပြုလုပ်သော ပုဂ္ဂလိက ကျောင်း။
(ခ) မြန်မာနိုင်ငံသား သို့မဟုတ် မြန်မာနိုင်ငံသား အဖွဲ့အစည်းတစ်ခုခု သို့မဟုတ် မြန်မာနိုင်ငံ သား အဖွဲ့အစည်းများ သို့မဟုတ် သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းနှင့် နိုင်ငံခြားသား သို့မဟုတ် နိုင်ငံခြားအဖွဲ့အစည်းတစ်ခုခု သို့မဟုတ် နိုင်ငံခြားအဖွဲ့ အစည်းများ သို့မဟုတ် နိုင်ငံခြားအစိုးရအဖွဲ့အစည်းက မတည်ငွေရင်း ဖက်စပ်ပြု လုပ်သော ပုဂ္ဂလိကကျောင်း။
(ဂ) နိုင်ငံခြားသားများ သို့မဟုတ် နိုင်ငံခြားအဖွဲ့အစည်းတစ်ခုခု သို့မဟုတ် နိုင်ငံခြား အဖွဲ့ အစည်းများ သို့မဟုတ် နိုင်ငံခြားအစိုးရအဖွဲ့အစည်းက မတည်ငွေရင်း ရာခိုင်နှုန်း အပြည့်ဖြင့် ပြုလုပ်သည့် ပုဂ္ဂလိကကျောင်း။
အဆိုပါ ကျောင်းများသည် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေနှင့် နည်းဥပဒေများ၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ထုတ်ပြန်ထားရှိသည့် အမိန့်ကြော်ငြာစာများနှင့် အမျိုးသား ပညာရေးဥပဒေ (၂၀၁၄) တို့နှင့်အညီ လိုက်နာဆောင်ရွက်ရမည်ဖြစ်ပါသည်။
အဆိုပါ အမိန့်ကြော်ငြာစာသည် ပုဂ္ဂလိကကျောင်းနှင့် သက်ဆိုင်သည့် ဥပဒေ၊ နည်းပညာနှင့် သက်မွေး ပညာရေးနှင့် လေ့ကျင့်ရေးနှင့် သက်ဆိုင်သောဥပဒေ၊ အဆင့်မြင့်ပညာရေးနှင့် သက်ဆိုင် သောဥပဒေတို့ ပြဋ္ဌာန်းခြင်း မပြုမီအချိန်အထိ အကျိုးသက်ရောက်ပြီး အဆိုပါဥပဒေများ ပြဋ္ဌာန်းပြီး သည့်အခါ ရင်းနှီး မြှုပ်နှံသူသည် သက်ဆိုင်ရာ ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် အညီ လိုက်နာ ဆောင်ရွက်ရမည်ဖြစ်ပါသည်။